မြစ်သာဆည်က သွယ်ထားတဲ့ ဆည်ရေသောက်စနစ် ရေသွယ်မြောင်း ပြိုကျ


2018.10.18
myitthar-dam-622.jpg မြစ်သာဆည်ရေသောက်စနစ် ပြိုကျနေတာကို ၂၀၁၈ အောက်တိုဘာလ ၁၈ ရက်နေ့ကတွေ့ရစဉ်
ဓါတ်ပုံ - စပယ်ရွာသားတဦး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါ်မြို့နယ်၊ မြစ်သာဆည်ကနေတဆင့် လယ်မြေဧက ငါးထောင်အတွက် ဆက်သွယ် ထားတဲ့ ဆည်ရေသောက်စနစ်ရဲ့ ရေသွယ်မြောင်းဟာ  ဒီကနေ့ မနက်အစောပိုင်းက ပြိုကျပျက်စီးသွားပါတယ်။

အဲဒီပြိုကျတဲ့အပိုင်းဟာ စင်ပုံရွာအနီးမှာရှိပြီး ပေ ၁၀၀ လောက်ရှိတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ရေသွယ်မြောင်းကနေ ကျေးရွာအနည်းငယ်ကိုသာ စမ်းသပ်ပေးဝေနေတဲ့အဆင့်ပဲ ရှိသေးတာကြောင့် ထိခိုက် ပျက်စီးမှု မရှိသလောက်ပဲလို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီဆည်ရေသောက်စီမံကိန်းဟာ မြစ်သာဆည်နဲ့ အနီးဆုံးရွာတွေဖြစ်တဲ့ စပယ်ရွာ၊ ပနမ်းရွာ၊ ယင်းမာရွာနဲ့ စင်ပုံရွာတွေကိုဖြတ်သန်းသွားပေမဲ့ အဲဒီရွာ ၄ ရွာက အကျိုးကျေးဇူးခံစားရတာမရှိသလို အခြားကျေးရွာတွေ အတွက်လည်း အကျိုးမပြုဘူးလို့ စပယ်ရွာ ဒေသခံ ဦးသိန်း ကို ပြောပါတယ်။

အဲဒီစီမံကိန်းကို အရင်အစိုးရလက်ထက်က ၁၀ ဘီလီယံအကုန်ကျခံ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ထပ်မံဆောက် လုပ်ဖို့အတွက် လွှတ်တော်မှာ နောက်ထပ် ၁၅ ဘီလီယံထပ်မံတောင်းခံပေမယ့် ဒေသရဲ့မြေအနေအထားကြောင့် ဆည်ရေသောက်စနစ် လုပ်လို့မရဘူးဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ ကန့်ကွက်ထားတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။

ဆည်ရေသောက်စနစ်နဲ့ ရေပေးဝေဖို့အတွက် ကျေးရွာပေါင်း ၂၀ လောက်သာရှိပြီး စီမံကိန်းမှာပါသလို ဧက ၅ ထောင်ဆိုတာလည်းမရှိဘူးလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် က ပြောပါတယ်။

ရေမြောင်းနဲ့ကွန်ကရစ်လောင်းပြီး ဆည်ရေသောက်စနစ်လုပ်ရင် တစ်ဧကကို ၅ သိန်းကျပ်လောက်ပဲကုန်မှာဖြစ်ပေ မယ့် မြေမညီတဲ့အခုလိုနေရာမှာ ဆောက်လုပ်တဲ့အခါ တစ်ဧကို သိန်း ၅၀ ကျပ်လောက် ကုန်ကျတဲ့အတွက် လွှတ်တော်မှာ ကန့်ကွက်ခဲ့ကြတာလို့ ဒေါ်ယဉ်မင်းလှိုင် က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။