မြစ်ကြီးနားမှာ စားသောက်ကုန် ဝေတဲ့အစီအစဉ် လူစုလူဝေးကြောင့် ရွှေ့ဆိုင်း
2020.04.14
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဦးလဆန်အောင် (ငြိမ်းချမ်းရေးအဖွဲ့)က လူထုကို ဆန်၊ ဆီ နဲ့ နှာခေါင်းစည်းတွေ ဒီနေ့လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပေမယ့် လူတစ်ထောင်ခန့် စုဝေးလာခဲ့တာကြောင့် လှူဒါန်းမှုကို ရပ်နားလိုက်ပါတယ်။
မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားနားမှာ ဒီမနက် ခုနှစ်နာရီကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတွေက အခြေခံစားသောက်ကုန်တွေ ဝေမှာကို လာရောက်တန်းစီခဲ့ကြတာပါ။
တဖြည်းဖြည်းလူများလာပြီး လူစုလူဝေးဖြစ်လာတဲ့အတွက် လှူဒါန်းမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး ရပ်ကွက်အလိုက် နေထိုင်သူစာရင်း ကောက်ယူမှုကို အရင် ပြုလုပ်မယ်လို့ အလှူမှာ ကူညီပေးနေတဲ့ ဦးခင်မောင်ပြုံးက ပြောပါတယ်။
မအားတဲ့ကြားကနေ အချိန်ပေးပြီး လာရောက်တန်းစီခဲ့ပေမယ့် မရခဲ့တဲ့အတွက် မကျေမနပ် ဖြစ်မိတယ်လို့ ရမ်ပူကွက်(၁) က လာထုတ်တဲ့ ဒေါ်မြင့်မြင့်က ပြောပါတယ်။
ဒီနေ့မနက်က ပေးဝေမယ့် အစီအစဉ်မှာ အလှူရှင်က ပြည်သူ့စစ်အဖွဲ့ တစ်ခုဖြစ်တဲ့ ဦးလဆန်အောင် (ငြိမ်းချမ်းရေးအဖွဲ့) ဖြစ်ပါတယ်။ လူတစ်ဦးကို ဆန် သုံးပြည်၊ ဆီတစ်ဗူးနဲ့ နှာခေါင်းစည်းငါးခု ပေးဖို့စီစဉ်ခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်တွေနားထားရလို့ ဝင်ငွေမရှိတဲ့အချိန် လှူဒါန်းပေးတယ်ဆိုတော့ ဝမ်းသာပြီး လာတန်းစီခဲ့ပေမယ့် မရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဦးစိုးထွန်းက ပြောပါတယ်။
ဆယ်နာရီကျော်လောက်မှာတော့ အလှူရှင်ဘက်က ဝေမယ့် ဆန်၊ ဆီနဲ့ နှာခေါင်းစီး တွေကို ကားနဲ့ ပြန်သယ်သွားပါတယ်။
အလှူရှင်တွေအနေနဲ့ လှူဒါန်းမယ်ဆိုရင် အခုလို လူစုလူဝေးမလုပ်ဘဲ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် စနစ်တကျ စီစဉ်သင့်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ထွယ်ဂျန်ဒါ အဖွဲ့က ဒါရိုက်တာ ဒေါ်နန်ပူက ထောက်ပြပါတယ်။
အစိုးရအနေနဲ့လည်း ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲတွေကို ထောက်ပံ့နေသလို တချို့ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးပါတီနဲ့ ပရဟိတ အဖွဲ့အစည်းတွေ ကလည်း စားသောက်ကုန်နဲ့ ကျန်းမာရေးပစ္စည်းတွေကို လှူဒါန်းပေးနေတာပါ။
အစိုးရကလည်း ရောဂါကာကွယ် တားဆီးနိုင်ဖို့ လူစုလူဝေးတွေမလုပ်ကြဖို့နဲ့ အတတ်နိုင်ဆုံး အိမ်အပြင် မထွက်ကြဖို့ သတိပေးထားပါတယ်။