အဖမ်းခံထားရတဲ့ မြစ်ကြီးနား သတင်းထောက်တွေ ပြန်လွတ်

2021.10.19
အဖမ်းခံထားရတဲ့ မြစ်ကြီးနား သတင်းထောက်တွေ ပြန်လွတ် ပြန်လွတ်လာတဲ့ မြစ်ကြီးနားဂျာနယ်က သတင်းထောက် သုံးဦးကို ၂၀၂၁ အောက်တိုဘာလ ၁၉ ရက်က ‌တွေ့ရစဉ်
Photo: Seng Mai Maran

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ သတင်းယူရင်း အဖမ်းခံရပြီး တပ်မတော် အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ မြစ်ကြီးနားအခြေစိုက် သတင်းထောက်ငါးဦး အပါအဝင် တက်ကြွလှုပ်ရှားသူအချို့ အောက်တိုဘာလ ၁၉ ရက် ဒီနေ့ နေ့လယ်ပိုင်း မြစ်ကြီးနားအကျဉ်း ထောင်ကနေ ပြန်လွတ်လာပါတယ်။

ပြန်လွတ်လာတဲ့ သတင်းထောက်တွေက မြစ်ကြီးနား သတင်းဂျာနယ်က သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ ကိုခရစ္စတိုဖာနဲ့ ကိုအားဂျယ်၊ The 74 Media က သတင်းထောက် မချန်ဘူ၊ Kachinwave သတင်းထောက် ကိုလရော်တို့ ဖြစ်ပြီး တက်ကြွလှုပ်ရှားသူ ကိုလွမ်းဇောင်းနဲ့ မဆိုင်းနူးပန်တို့လည်း ပါဝင်ပါတယ်။

သတင်းထောက် မချန်ဘူနဲ့ ကိုလရော်တို့ဟာ မတ်လ ၂၉ ရက်နေ့က မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်မှာ ဆန္ဒပြပွဲသတင်းရယူနေချိန် အဖမ်းခံခဲ့ပြီး မြစ်ကြီးနား အကျဉ်းထောင်မှာ ၆ လကြာ ထိန်းသိမ်းခံခဲ့ရသလို ဧပြီလ ၁၃ ရက်နေ့မှာ မြစ်ကြီးနား ဂျာနယ်သတင်းထောက် ကိုအားဂျယ်နဲ့ ကိုခရစ္စတိုဖာ ဧပြီလ ၁၄ ရက်နေ့မှာ မမျိုးမြတ်မြတ်ပန်တို့ကို နေအိမ်မှာပဲ အဖမ်းခံခဲ့ရတာပါ။

ဆန္ဒပြသူတွေကို ကားနဲ့ကွယ်ပေးခဲ့တာကြောင့် အဖမ်းခံခဲ့ရတဲ့ မသီရိချို၊ လီဆူ အဆိုတော် ဦးယောတီဖာနဲ့ အဖမ်းခံထားရချိန် ဖခင်ကွယ်လွန်ခဲ့တဲ့ မဘောက်ဂျာတို့လည်း အောက်တိုဘာ ၁၈ ရက်မနေ့က ပြန်လည် လွတ်မြောက်လာပါတယ်။

အလားတူ အဖမ်းခံထားရတဲ့ မဇ္ဇျိမသတင်းဌာန အယ်ဒီတာ ဒေါ်သင်းသင်းအောင်၊ DVB သတင်းထောက် ကိုအောင်ကျော်နဲ့ ကိုမင်းညို၊ မတူတူးသာအပါအဝင် သတင်းသမားအချို့လည်း ပြန်လည်လွတ်မြောက် လာကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရပြီး အကျဉ်းကျနေသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း အောက်တိုဘာလ ၁၈ ရက် မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။