မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ဆိုရင် တစ်လပြည့်သွားပြီ ဖြစ်ပေမယ့် မီးပုံမှန်အတိုင်း ပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရနဲ့ ကေအိုင်အေ တို့နှစ်ဖက်ကြားက တိုက်ပွဲတွေအပေါ်မှာ မူတည်နေတယ် လို့ အဲဒီဒေသကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက RFA ကို ပြောပါတယ်။

2013.01.24
bugar_305.jpg မြစ်ကြီးနားမြို့ ဘူးဂါးကုမ္ပဏီမှာ မီတာခ လာပေးဆောင်နေတဲ့ ပြည်သူများကို ဇန်နဝါရီ ၂၄ရက်နေ့ နေ့လည်ပိုင်းက တွေ့ရစဉ်
Photo: RFA/Kyaw Myo Min

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာ မှာရှိတဲ့ ဘူးဂါးကုမ္ပဏီပိုင် မလိရေအားလျှပ်စစ် စက်ရုံနားတစ်ဝိုက်မှာ လုံခြုံရေး အခြေအနေမရှိမှု၊ မြေမြှုုပ်မိုင်း အန္တရာယ်တွေအပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က နှစ်ဖက်တိုက်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေကို မပြင်ဆင်နိုင်သေးတဲ့အတွက် လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးပေးဖို့ အတိအကျ မပြောနိုင်သေးဘူးလို့ ဘူးဂါးကုမ္ပဏီရဲ့ လျှပ်စစ်မီး ဖြန့်ဖြူးရေးမန်နေဂျာ ဦးဇာမဲခင် က RFA ကို အခုလိုပြောပါတယ်။

"တိုက်ပွဲတွေ မရှိတော့ဘူးဆိုရင် တိုင်နှစ်တိုင်ကို အဆင်သင့်လဲဖို့ သံတိုင်တွေကို စီစဉ်ထားတယ်၊ အခုအဲဒီမှာ အရပ်သားဆိုတော့ လွတ်လွတ်လပ်လပ် သွားလို့မရတော့၊ မိုင်းတွေလည်း ထောင်ထားတော့ အဲဒီပတ်ဝန်းကျင်ကို သွားလို့မရတော့ ဒီအတိုင်းပဲ အဆင်သင့်စောင့်နေတဲ့ အနေအထားပဲ ရှိပါတယ်"

ဒီအတောအတွင်း ပျက်စီးသွားတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေကို မပြင်ဆင်နိုင်သေးတဲ့ အခိုက်အတန့် ကာလမှာတော့ ဘူးဂါးကုမ္ပဏီက ၅၀၀ကေဗွီအေ အင်ဂျင်စက် ၃လုံးနဲ့ အချိန်ပိုင်းအလိုက် မီးပေးဖို့ စီစဉ်နေတယ်လို့ ဦးဇာမဲခင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။