ဟင်းရှာထွက်တဲ့ မြိုတိုင်းရင်းသားတွေ တိုက်ခိုက်ခံရ၊ တစ်ဦး သေဆုံး


2018.04.04
myo-corpse-622.jpg ဦးခေါင်းမှာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦးရဲ့အလောင်းကို တွေ့ရစဉ်
Photo: Kyaw Win

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တုံးနားကျေးရွာဘက်မှာ ဒီနေ့ နေ့လည်က တောထဲကို ဟင်းသွားရှာတဲ့ မြိုတိုင်းရင်းသားတွေကို အကြမ်းဖက်သမားတွေက ဝိုင်းဝန်းတိုက်ခိုက်တဲ့အတွက် မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောပါတယ်။

မြို့နယ်တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ က ပြောပါတယ်။

"သွားတာက အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦးပါ၊ လေးမြို့ကေဒီရွာကနေ လိုင်ဂီချောင်းဆီကို ငါးရှာဖားရှာရင်းနဲ့သွားတာပါ၊ သတ်ခံရတဲ့နေရာကလည်း လိုင်ဂီချောင်းဘေးနားမှာဖြစ်ပါတယ်"

သစ်တုံးနားခွဆုံကျေးရွာအုပ်စု လေးမြို့ကေဒီကျေးရွာက မြိုတိုင်းရင်းသားအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၅ ဦးဟာ နေ့လည် ၁၁ နာရီလောက်မှာ လိုင်ဂီချောင်းငယ်အတိုင်း သွားရောက်နေစဉ်မှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတာကြောင့် အသီးသီးထွက်ပြေးလာကြသူတွေရဲ့ ပြောပြချက်အရ ရဲနဲ့ တပ်မတော်သားတွေက တိုက်ခိုက်ခံရတဲ့နေရာတဝိုက်ကို သွားရောက်ရှာဖွေကြရာ ဦးခေါင်းမှာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့တာလို့ ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မောင်တောဆေးရုံကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။