တီးတိန်မြို့မှာ Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရပြီးနောက် အင်တာနက်ပြတ်

2021.09.15
တီးတိန်မြို့မှာ Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရပြီးနောက် အင်တာနက်ပြတ် ချင်းပြည်နယ်‌မြောက်ပိုင်း တီးတိန်မြို့ ထုတ်လိုင်ကျေးရွာက ဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင်ကို ၂၀၂၁ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ် (မြောက်ပိုင်း) တီးတိန်မြို့၊ ထုတ်လိုင်ကျေးရွာအနီးက မိုင်တယ် (Mytel) တာဝါတိုင်တစ်ခု စက်တင်ဘာ ၁၅ ရက်ဒီနေ့မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်မနေ့ကတည်း တီးတိန်ပြည်သူ့ဆေးရုံအနီးက မိုင်တယ် (Mytel) တာဝါတိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland) အဖွဲ့က ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

တီးတိန်မြို့နယ်အတွင်းမှာ စက်တင်ဘာ ၉ ရက်နေ့ကနေ စက်တင်ဘာ ၁၅ ရက် ဒီနေ့အထိ တစ်ပတ်အတွင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ မိုင်တယ် (Mytel) တာဝါတိုင် ငါးခုရှိပြီလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ ဖောက်ခွဲဖျက်ဆီးမှုတွေကို PDF Zoland အဖွဲ့နဲ့ Civic Defense Militia အဖွဲ့တို့က လုပ်ခဲ့တာ ဖြစ်တယ်လို့ PDF Zoland အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ တီးတိန်မြို့နယ်ထဲမှာ တာဝါတိုင်တွေ ဖျက်ဆီးခံခဲ့ရတာကြောင့် မိုင်တယ် (Mytel) အင်တာနက် လိုင်းတွေ သုံးလို့မရတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

မြန်မာပြည်အလယ်ပိုင်းနဲ့ အထက်ပိုင်းက စစ်ကောင်စီကို တိုက်စစ်ဆင်နေတဲ့ မြို့နယ်တွေမှာလည်း မိုင်တယ် (Mytel) တာဝါတိုင်တွေ ဖျက်ဆီးခံရပြီးနောက် စက်တင်ဘာလ ၁၄ ရက် မနေ့ကစပြီး အင်တာနက်မြန်နှုန်း 3G ၊ 4G နဲ့ WTTH (broadband) တွေကို ပိတ်ထားဖို့ ဆက်သွယ်ရေးအော်ပရေတာတွေ အားလုံးကို စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

RFA က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာလ ၄ ရက်နေ့ကနေ ဒီနေ့အထိအချိန် စစ်ကိုင်း၊ မန္တလေး၊ မကွေးစတဲ့ တိုင်းသုံးခုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေအပြင် ချင်းပြည်နယ် က တီးတိန်မြို့ပါ အပါဆိုရင် ဖောက်ခွဲဖျက်ဆီးခံရတဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၆၀ နီးပါးရှိပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။