နာဂဒေသမှာ တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၇ ဦးရှိသွားပြီဖြစ်


2018.09.09
naga-disease-622.jpg နာဂဒေသမှာ တုပ်ကွေးရောဂါကြောင့် ဆေးကုသခံဖို့ စောင့်ဆိုင်းနေသူတွေကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Sing Maung Yawngva - facebook

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ရှန်ဟဲပေါ်ကွန်ကျေးရွာမှာ တုပ်ကွေးရောဂါတစ်မျိုး ဖြစ်ပွားနေပြီး တစ်လသားအရွယ် ကလေးတစ်ဦး စက်တင်ဘာလ ၇ ရက်နေ့က သေဆုံးခဲ့တယ်လို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က နန်းယွန်းမြို့နယ် လန်းပန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ရာသီပေါ်တုပ်ကွေးနဲ့ဆင်တဲ့ တုပ်ကွေးရောဂါတစ်မျိုး ရှန်ဟဲပေါ်ကွန်ကျေးရွာမှာလည်း  ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခုလို ကလေးတစ်ဦး သေဆုံးခဲ့တာကြောင့် သြဂုတ်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာ ၈ ရက်နေ့ထိ နှစ်ပတ်အတွင်း နန်းယွန်းမြို့နယ်ထဲမှာ ဒီရောဂါကြောင့် သေဆုံးတဲ့ ကလေးအရေအတွက်က ၇ ဦးရှိသွားပြီလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။

"ဖြစ်တဲ့နေရာတွေကတော့ ၆ ရွာ၊ ၇ ရွာလောက်တော့ဖြစ်တယ်၊ ဒါပေမဲ့ တချို့ကျေးရွာတွေကတော့ အမြန်ဆုံးထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိသွားတယ်၊ ဒါပေမဲ့ လန်းပန်းကျေးရွာရယ် ရှန်ဟဲပေါ်ကွန်ရယ် ဒီနှစ်ရွာကတော့ ပြင်းပြင်းထန်ထန်ခံစားရတဲ့ အနေအထားမှာတွေ့ရပါတယ်၊ သေဆုံးမှုအရေအတွက်ကတော့ ကျနော်တို့ စာရင်းယူထားတဲ့အရတော့ အားလုံးက ၇ ယောက်ဆိုတဲ့ အထဲမှာ ၁၀ နှစ်အောက်ကလေးတွေပဲ ဖြစ်တာများတယ်၊ ရောဂါက သာမန်လူတစ်ယောက်အနေနဲ့ နားထောင်လိုက်ရင် ဘာမှမဟုတ်ဘူးထင်ရပေမယ့် မြေပြင်မှာဖြစ်နေတဲ့အနေအထားက တော်တော်လေး အန္တရာယ်ရှိတဲ့အတွက်ကြောင့် ဒါကအထူးဂရု စိုက်ပေးရမယ့် အနေအထားလို့ မြင်တယ်၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနကလည်း ဒါကိုအလေးထားဆောင် ရွက်ပေးရင် ပိုကောင်းပါတယ်"

နန်းယွန်းမြို့နယ်က ကျေးရွာတချို့မှာ ဖြစ်ပွားနေတဲ့ ရောဂါနာမည်ကို အခုချိန်ထိ အတိအကျ မသိရသေးပေမယ့် ရောဂါလက္ခဏာတွေက တုပ်ကွေးနဲ့ဆင်တူပြီး ကိုယ်ပူပြီး ချောင်းဆိုးတာ၊ အဖျားတက်လာရင် နှာခေါင်းသွေးယိုတာ၊ အသက်ရှုကြပ်တဲ့ ဝေဒနာတွေကို ခံစားကြရတာဖြစ်ပါတယ်။

ရှန်ဟဲပေါ်ကွန်းကျေးရွာမှာ လူဦးရေ ၆၀၀ ကျော်ရှိတဲ့ထဲက လူ ၄၀၀ ကျော်လောက်က အဲဒီလိုမျိုး နာမကျန်းဖြစ်နေကြ တယ်လို့လည်း ဦးစိမ်းမောင်က ပြောပါတယ်။

နန်းယွန်းမြို့နယ် ကျန်းမာရေးဌာနက ဝန်ထမ်းတွေဟာ ရှန်ဟဲပေါ်ကွန်းကျေးရွာကို စက်တင်ဘာလ ၈ ရက်နေ့က ရောက်ရှိလာပြီး ဖျားနာနေသူတွေကို ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

ဒီရောဂါမျိုးကို ၂၀၁၆ ကတည်းက ဒီရာသီမှာဖြစ်ပွားလေ့ရှိပေမယ့် အခုလောက် လူသေဆုံးတဲ့အထိ မပြင်းထန် ခဲ့ဘူးလို့လည်း ဦးစိမ်းမောင်က ပြောပါတယ်။

လက်ရှိ နန်းယွန်းမြို့နယ်က ကျေးရွာတွေမှာ ဖြစ်ပွားနေတဲ့ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး ရောဂါအမျိုးအစား တိတိကျကျသိနိုင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။