နာဂဒေသမှာ ဒေသခံတွေကို ဝက်သက်ကာကွယ်ဆေးထိုးပေး
2016.08.21

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် နဲ့ နန်းယွန်းမြို့နယ်မှာ ၁၅ ရက်အတွင်း ဒေသခံ ၁၇၀၀ ကျော်ကို ဝက်သက်ရောဂါကာကွယ်ဆေး ထိုးပေးထားတယ်လို့ ခန္တီးစစ်ဗျုဟာမှုးဦးစီးရုံး ဗျူဟာမှူးက ပြော ပါတယ်။
ကျေးရွာပေါင်း ၁၅ ရွာမှာ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန် ၁၄ ယောက် တပ်မတော်ဘက်က ဆရာဝန် ၆ ဦးတို့ ကာကွယ်ဆေးထိုးပေး ခဲ့တာဖြစ်တယ်လို့ ခန္တီးစစ်ဗျုဟာမှုး ဗိုလ်မှူးကြီးမင်းမင်းစိုးက ပြော ပါတယ်။
"လူနာပေါင်း ၁၇၉၃ ယောက်ကို ကျနော်တို့ ကာကွယ်ဆေးထိုးပြီးပြီပေါ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးကနေ ပြီးတော့ ကျနော်တို့ အဲ့ဒီထောက်ပံ့ပစ္စည်းတွေပို့တာကို ရန်ကုန် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်ကနေ ပြီးတော့ ဟုမ္မလင်းလေ တပ်စခန်းဌာနချုပ်ကိုပို့တယ်ဗျ၊ အဲ့ဒီ ဟုမ္မလင်းကနေပြီးတော့ ကျနော်တို့ ခန္တီးနယ်ထဲကို ရဟတ်ယာဉ်နဲ့ပို့တာပေါ့၊ ရာသီဥတု အခြေအနေမပေးတဲ့အတွက် ပစ္စည်းတွေအကုန်လုံးက ခန္တီးကိုပဲရောက်တယ်ဗျ၊ ခန္တီးမှာတော့ လောလောဆယ် ရဟတ်ယာဉ်တစ်စီးတင်ထားတာပေါ့၊ ရောဂါဖြစ် တဲ့ရွာတွေအထိ သယ်ဖို့ရည်ရွယ်တာပေါ့၊ ဒါပေမဲ့ ရာသီဥတု အခြေအနေမပေးဘူးပေါ့၊ ရာသီဥတု မကောင်းသေးဘူးပေါ့၊ အဲ့ဒီအခြေအနေကြောင့် ကျနော်တို့ ရဟတ်ယာဉ် ကတော့ လဟယ်အထိ မရောက်သေးဘူး"
နန်းယွန်းနဲ့ လဟယ်မြို့က ကူးစက်ရောဂါဖြစ်တဲ့ကျေးရွာတွေကို အနောက်မြောက်ပိုင်းစစ်ဌာနချုပ်က အဝတ်အစားတွေ ထောက်ပံ့ပေးပြီး လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာနဲ့ ဆေးစိမ်ခြင်ထောင် စတာတွေကို ထောက်ပံ့ပေးထားပါတယ်။
ဝက်သက်ကူးစက်ရောဂါကြောင့် သေဆုံးသူ ၄၂ ဦးရှိတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ကိုးကွယ်ယုံကြည်မှုမှာ နတ်ကိုးကွယ်တာဖြစ်ပြီး နေမကောင်း ဖြစ်လာရင် ဆရာဝန်တွေနဲ့ ကုသတာထက် နတ်ပြပြီး ကုသတာတွေရှိနေတဲ့အတွက် ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေ ကိုပါ ဆောင်ရွက်နေတယ် လို့လည်း ဗိုလ်မှူးကြီးမင်းမင်းစိုးက ပြောပါတယ်။