ပင်လုံညီလာခံကို နာဂအဖွဲ့ လေ့ လာသူအဖြစ် တက်မယ်
2016.07.02

၂၁ ရာစုပင်လုံညီလာခံမှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K က လေ့လာသူအနေနဲ့ တက်ရောက် မှာဖြစ်ကြောင်း NSCN-K ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအန်ကန့်က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ တွေ့ဆုံပွဲအပြီးမှာ ဦးအန်ကန့်က ပြောတာဖြစ်ပါတယ်။
"ကျနော်တို့က လေ့လာသူပဲဖြစ်ရင်ဖြစ်ပါလိမ့်မယ်၊ ဆွေးနွေးခြင်းတွေဘာတွေမှာလည်း ဆုံးဖြတ်လို့မရ ပါဘူး၊ ကျနော်တို့ ဌာနချုပ်၊ ရုံးမှာရောက်မှ အဖွဲ့အစည်းထားပြီးမှ အစည်းအဝေးဆုံးဖြတ်ချက်မှသာလျှင် ဘာလုပ်မယ်ဆိုတာပြောလို့ရပါတယ်၊ နိုင်ငံတော်ရဲ့ဖိတ်ခေါ်ချက်မှလည်း အရင်ကလည်း ပါဝင်ခဲ့ကြ တာဖြစ်တယ်၊ နောက်ထပ်လည်း ကျနော်တို့လေ့လာပြီး တက်ရောက်ဖို့ အလားအလာရှိတယ်လို့ မျှော်လင့် တယ်"
NSCN-K အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ု ကြိုးစားသွားမယ်လို့လည်း ဦးအန်ကန့်က ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆွေးနွေးရာမှာ သြဂုတ်လ မှာကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့နဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ်မှာ လက်မှတ်ထိုးဖို့တို့ကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K ဟာ ၂ဝ၁၂ ခုနှစ် ဧပြီလက ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလက်မှတ် ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လဟယ်နဲ့ နန်းယွန်းမြို့တွေမှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
ဆွေးနွေးပွဲကို NSCN-K ကိုယ်စားလှယ် ၄ ယောက်နဲ့ အကျိုးတော်ဆောင် တစ်ယောက် တက်ရောက်ခဲ့ပြီး ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီဘက်ကတော့ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းအပါအဝင် အဖွဲ့ဝင် ၇ ယောက် တက်ရောက်ကြပါတယ်။