နာဂ စစ်ပြေးတွေ အကူအညီ မရ
2011.07.30

ဒီဒုက္ခသည်တွေဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း နန်းယွန်းမြို့နယ်အတွင်းက ဖြစ်ပြီး ဒေသခံ ပြိုင်ဘက် နာဂသူပုန်အဖွဲ့ နှစ်ဖွဲ့အကြား ပြီးခဲ့တဲလက စပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အတွက် အနီးဆုံး လုံခြုံစိတ်ချရာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာကြတာပါ။
မြန်မာနိုင်ငံဘက်က နာဂ ဒုက္ခသည်တွေကို အိန္ဒိယဘက်က နာဂလူမျိုးတွေက ကူညီနေကြကြောင်းနဲ့ အိန္ဒိယစစ်တပ်က လုံခြုံမှုပေးထားပေမယ့် ရိက္ခာတော့ မထောက်ပံ့တဲ့အကြောင်း နယ်စပ်မှာနေထိုင်တဲ့ နာဂ အမျိုးသား မိုးကြည်က RFA ကို ပြောပါတယ်။
“အခု ကျနော်တို့ဘက်မှာ လက်ရှိ စစ်ပွဲတွေဖြစ်တော့ ဒုက္ခသည် အခြေအနေက အိန္ဒိယမှာ လူဦးရေ ၃ ရာကျော် အိန္ဒိယဘက်မှာ ရောက်နေတယ်။ အရုနချာပြည်နယ် နယ်စပ်မှာ ရောက်နေတာ။ ခွန်ဆန်မြို့နယ်။ အကူအညီပေးတာ ဘာမှမရှိသေးဘူး။ အိန္ဒိယအစိုးရကလည်း ပါဝင်ပြီးတော့ ထောက်ပံ့တာ လုံးဝ မရှိသေးဘူး။ သူတို့ အမျိုးနဲ့ ဆိုင်တဲ့ဟာ နည်းနည်းပါးပါးတော့ အကူအညီပေးတာတော့ ရှိမယ်။ အခု ခွန်ဆန်မြို့ အနီးတဝိုက်မှာ သူတို့က ရွာပုံစံနဲ့ ဆောက်ခိုင်းပြီးတော့ အဲဒီမှာပဲ နေခိုင်းထားတယ်။ အိန္ဒိယတပ်က ကာကွယ်ပေးတယ်ဆိုတာ လူနေထိုင်မှုတော့ လုံခြုံရေးတော့ ပေးပါတယ် ဒါပေမယ့် စားနပ်ရိက္ခာ အကူအညီပေးတာ မရှိဘူး”
ပြီးခဲ့တဲ့လက စပြီး နန်းယွန်းမြို့နယ်အတွင်းက နာဂတောင်တန်းတလျှောက် နာဂသူပုန်အဖွဲ့တွေအကြား နယ်မြေလုတဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီး ကျေးရွာတချို့ မီးလောင်ခဲ့တဲ့အတွက် အများစုက တောတောင်တွေထဲမှာ ပုန်းအောင်နေကြရပါတယ်။
အဲဒီ နာဂသူပုန်အဖွဲ့ နှစ်ဖွဲ့ဟာ အရင်က တဖွဲ့တည်းဖြစ်ခဲ့ပြီး ဦးခပ်ပလန် ဦးဆောင်တဲ့ အဖွဲ့နဲ့ တီမြွက်ပါး ဦးဆောင်တဲ့ အဖွဲ့ဆိုပြီး ကွဲခဲ့ပေမယ့် နှစ်ဖွဲ့လုံးက မူလနာမည်ဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN အမည်ကို ဆက်လက်ခံယူထားကြပါတယ်။ နှစ်ဖွဲ့လုံးရဲ့ ရည်ရွယ်ချက်က အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံဘက်မှာ ရှိနေတဲ့ နာဂနယ်တွေကို ပေါင်းပြီး လွတ်လပ်တဲ့ နာဂနိုင်ငံ ထူထောင်ရေး ဖြစ်တယ်လို့ သိရပါတယ်။