နန်းယွန်းနဲ့ ပန်ဆောင်မှာ ဆန်နဲ့ စားနပ်ရိက္ခာပြတ်လပ်


2017.08.23
naga-622.jpg နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကျေးရွာတစ်ရွာကို တွေ့ရစဉ်
Photo: Ke Jung

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းနဲ့ ပန်ဆောင်မြို့နယ်တွေမှာ ဆန်နဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်နေ တာကြောင့် အခက်အခဲတွေကြုံတွေ့နေရတယ်လို့ နန်းယွန်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင် က ပြောပါတယ်။

မြစ်ကြီးနား၊ လဟယ်နဲ့ အိန္ဒိယ စတဲ့ ထွက်ပေါက် ၃ ခုလုံးက ပိတ်နေတဲ့အတွက် စားနပ်ရိက္ခာ သယ်ယူဖို့ အခက်အခဲတွေ ဖြစ်နေတာလို့ နန်းယွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် က ပြောပါတယ်။

"နန်းယွန်းမြို့က ထွက်ပေါက် ၃ ခုရှိတယ်၊ မြစ်ကြီးနားဘက်ကိုသွားတဲ့ လမ်းတစ်ပေါက်ရယ်၊ ပြီးတော့ လဟယ်ဘက်ကိုသွားတဲ့ လမ်းတစ်ပေါက်ရယ်၊ ပန်ဆောင်ကတဆင့် အိန္ဒိယဘက်ကို ပေါက်တဲ့လမ်း တစ်ခုရယ်၊ ခုလက်ရှိအခြေအနေမှာ ဒီ ၃ ခုစလုံးက ပိတ်နေတဲ့ အနေအထားမှာရှိတယ်၊ လဟယ်ဘက်က လမ်းဆိုရင် သံပေါင်တံတား ၂ စင်းက မကောင်းဘူး၊ အရင်က ပြီးစီးအောင် မဆောက်ခဲ့တဲ့အတွက်ကြောင့် ကားတွေက သွားလို့မရဘူး၊ မြစ်ကြီးနားဘက်ဆိုရင်တော့ ရှင်ဘွေယံနဲ့ နန်းယွန်းကြားက လမ်းကမကောင်းတဲ့ အခါကျတော့ သယ်ယူလို့မရသလို ပန်ဆောင်ဘက်ဆိုရင်လည်း အရင်တုန်းကတော့ အိန္ဒိယဘက်မှာရှိတဲ့ ဆွေမျိုး သားချင်းတွေ အချိတ်အဆက်လုပ်ပြီးတော့မှ ဆီတွေ၊ ဆန်တွေ၊ ဆားတွေ ဝယ်ကြတာပေါ့နော်၊ အခုက အဲ့ဘက်လည်း ပိတ်သွားတဲ့အခါကျတော့ ကျနော်တို့ဘက်က ထွက်ပေါက်မှန်သမျှ ပိတ်တဲ့ အနေအထား ရှိပါတယ်"

မြို့တွေ ရွာတွေမှာ ဆန်တွေသိုလှောင်ထားသူတွေအနေနဲ့ တစ်ခြားသူတွေကို ခွဲဝေပေးကြဖို့ အကူအညီတောင်း ထားတယ်လို့ ဦးစိမ်းမောင်က ပြောပါတယ်။

နန်းယွန်းမြို့နယ်ဟာ အရင်နှစ်တွေက မြစ်ကြီးနားဘက်ကနေ ဆန်တွေတင်သွင်းခဲ့တာကြောင့်  အခက်အခဲ မရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေကြောင့် စားနပ်ရိက္ခာတွေ လွတ်လွတ်လပ်လပ် သယ်ဆောင်လို့ မရတာကြောင့်လည်း အခုလိုအခက်ကြုံနေရတာလို့လည်း သိရပါတယ်။

ပန်ဆောင်မြို့နယ်ကတော့ အရင်နှစ်တွေက စားနပ်ရိက္ခာအခက်အခဲမရှိခဲ့ဘဲ ဒီနှစ်မှာ အခက်အခဲနဲ့ ကြုံရတာဖြစ် တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတည်းက အခုလိုအခက်အခဲကြုံနေရတာဖြစ်ပြီး ဒီနှစ်ကို သင်ခန်းစာယူပြီး နောက်နှစ်တွေမှာတော့ ကြိုတင်တွက်ချက်ပြီး ပြင်ဆင်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

နန်းယွန်းမြို့နယ်မှာ လူဦးရေ ၅ သောင်း ၇ ထောင်ကျော်ရှိပြီး ပန်ဆောင်မြို့နယ်မှာ လူဦးရေ ၁ သောင်း ခွဲလောက်နေထိုင်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။