နာဂဒေသမှာ စားနပ်ရိက္ခာရှားပါး
2017.09.02
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက နယ်မြေ ထက်ဝက်ကျော်လောက်မှာ စားနပ်ရိက္ခာ ရှားပါးနေပြီး အချို့နေရာတွေမှာ ဆန်ဈေးနှုန်းတွေ နှစ်ဆလောက် မြင့်တက်နေတယ် လို့ လေရှီးမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကာစီရန်းက ပြောပါတယ်။
အဓိကအားဖြင့် နန်းယွန်းမြို့နယ်နဲ့ လေရှီးမြို့နယ်က ဒေသအချို့မှာ စားနပ်ရိက္ခာ ရှားပါးနေတာဖြစ်ပြီး နန်းယွန်းမြို့နယ်မှာ အရင်က ဆန်ကြမ်းတစ်အိတ်ကို ကျပ်၂၅၀၀၀ (နှစ်သောင်းခွဲ) ဝန်းကျင်ကနေ လက်ရှိမှာ ၅၀၀၀၀ (ငါးသောင်း)ကျပ် အထိ မြင့်တက်နေတယ်လို့ ဦးကာစီရန်းက ပြောပါတယ်။
"ဒေသတွင်း ကုန်ဈေးနှုန်းတွေကတော့ ကျနော်တို့ လဟယ်နဲ့ လေရှီးကတော့ ပုံမှန်ပါပဲ။ ခုနပြောသလို နန်းယွန်းကတော့ ခုနပြောသလိုပေါ့နော်။ နည်းနည်းတော့ ပိုမြင့်သွားတာပေါ့။ တစ်အိတ်ကို ငါးသောင်းလောက်ရှိတယ်။ ဆန်ကြမ်းပေါ့"
ပြီးခဲ့တဲ့နှစ်က စပါးဖျက်ပိုးကျခဲ့တဲ့အတွက် ဆန်အထွက်နည်းခဲ့တဲ့အပြင် လက်ရှိအချိန်မှာလည်း နိုင်ငံရေး အခြေအနေအရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ကနေ အခြေခံစားသောက်ကုန်တွေ သယ်ဆောင်ခွင့် မရှိတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတာဖြစ်တယ်လို့ ဦးကာစီရန်းက ပြောပါတယ်။
အဲဒီလို စားနပ်ရိက္ခာ အခက်အခဲဖြစ်ပြီး ဆန်ဈေးနှုန်းဟာ အခုနှစ် ဧပြီလလောက်က စတင်မြင့်တက်ခဲ့တာလို့ သိရပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စားနပ်ရိက္ခာ ရှားပါးနေမှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရထံ အကူအညီ တောင်းခံထားတယ်လို့လည်း သိရပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေ ပါဝင်ပါတယ်။