နန်းယွန်းမှာ ကျောင်းသားတွေ ပညာသင်ကြားဖို့ အခက်အခဲဖြစ်နေ


2017.10.09
naga-622.jpg နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကျေးရွာတစ်ရွာကို တွေ့ရစဉ်
Photo: Ke Jung

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာ ကျောင်းဆရာ၊ ဆရာမအင်အား လုံလောက်မှုမရှိတာကြောင့် စာသင်ကျောင်းတချို့ ယာယီပိတ်ထားရသလို ကျောင်းသား ကျောင်းသူတွေ ပညာသင်ကြားဖို့ အခက်အခဲဖြစ်နေ တယ်လို့ သိရပါတယ်။

ယန်နောနုတ်ညိုကျေးရွာက မူလတန်းလွန်ကျောင်းဟာ ပိတ်ထားရတာ ၂ လ ရှိပြီဖြစ်ပြီး ကျေးရွာတချို့က စာသင်ကျောင်းတွေမှာလည်း ဆရာအင်အား မလုံလောက်လို့ စာသင်ကြားဖို့ အဆင်မပြေဘူးလို့ နန်းယွန်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။

"ကျေးရွာက ယန်နောနုတ်ညိုကျေးရွာပါ၊ ကျောင်းပိတ်ထားတာ ခုထက်ထိမဖွင့်နိုင်သေးဘူး၊ ၂ လရှိပြီ၊ ကျောင်းလုံး လုံးပိတ်ထားတာတော့ အဲဒီတစ်ရွာပဲရှိတယ်၊ ၉ ရွာက ကျောင်း ၉ ကျောင်းကတော့ သူက ပညာရေးဝန်ထမ်း တစ်ယောက်စီပဲရှိပါတယ်၊ အဲဒါလည်း ကျောင်းကဖွင့်ထားရုံပဲရှိပြီးတော့မှ စာသင်ပေးဖို့ တော်တော်အခက်အခဲ ရှိတယ် ခင်ဗျ"

ယန်နောနုတ်ညိုကျေးရွာက မူလတန်းလွန်ကျောင်းမှာ တာဝန်ကျတဲ့ ဆရာမ ၂ ယောက်ကို နေရာပြောင်းရွှေ့ လိုက်ပေမယ့် အဲဒီနေရာမှာ အစားထိုးခန့်အပ်ပေးခြင်း မရှိသေးတာကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၃၀ ကျော် ပညာသင်ကြားနေတဲ့ အဲဒီကျောင်းဟာ သြဂုတ်လဆန်းပိုင်းကတည်းက ကျောင်းပိတ်ထားရတာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ပညာရေးရုံးကို အကြိမ်ကြိမ်တင်ပြပြီးပြီဖြစ်ပေမယ့် ပညာရေးဝန်ထမ်း မလွှတ်ပေး ဘူးလို့လည်း ဦးစိမ်းမောင်က ပြောပါတယ်။

နန်းယွန်းမြို့နယ်ထဲက ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမ ၂ ယောက်ကနေ ၇ ယောက် အထိ တာဝန်ကျကြတာဖြစ်ပြီး အပြောင်းအရွှေ့တွေကြောင့် ပြောင်းသွားကြပေမယ့် အစားထိုးမခန့်ပေးနိုင်တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဆရာ၊ ဆရာမတွေ ပြန်လည်ခန့်အပ်ပေးဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံ တင်ပြသွားမယ်လို့လည်း ဦးစိမ်းမောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။