လက်နက်ကိုင် နာဂအဖွဲ့ချင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်ပွား
2011.03.23

ဦးခပ်ပလန် ဦးဆောင်တဲ့ နာဂ လက်နက်ကိုင် အဖွဲ့အခြေပြုရာ နန်းယွန်းမြို့နယ် မြောက်ပိုင်းကို သူတို့ရဲ့ ပြိုင်ဖက် တီမွိုက်ပါး ဦးဆောင်တဲ့ နာဂလက်နက်ကိုင် အဖွဲ့တွေ ဝင်ရောက် လာတဲ့အတွက် ဒီလ ၁၇ ရက်နေ့က စပြီး အခုအချိန်အထိ တောက်လျှောက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါ တယ်။
အဲဒီ နာဂလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ရဲ့တိုက်ပွဲကြောင့် ဟက်စီနုတ်ခွန်း ဆိုတဲ့ ရွာ တရွာ မီးလောင်ပြီး ရွာအတော်များများက ရွာသားတွေ ထွက်ပြေးနေကြရကြောင်း အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင်တဲ့ နာဂအမျိုးသား ကိုမိုးကြည်က RFA ကို ပြောပါတယ်။
အိမ်ခြေ ၉၀ ကျော် မီးလောင်သွားပြီး ရွာသားများ ဒုက္ခရောက်နေတယ်လို့ သူက ပြောပြပါတယ်။
နာဂလက်နက်ကိုင်တွေဟာ မူလက NSCN နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ ဆိုတဲ့ အမည်နဲ့ တဖွဲ့တည်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်မှာ နှစ်ဖွဲ့ကွဲခဲ့ပါတယ်။ ဒါပေမဲ့လည်း နှစ်ဖွဲ့စလုံးက သူတို့ရဲ့ NSCN ဆိုတဲ့ မူရင်းနာမည်ကိုပဲ သုံးထားကြပါတယ်။
နှစ်ဖွဲ့စလုံးရဲ့ ရည်မှန်းချက်ကတော့ အိန္ဒိယဖက်က နာဂနယ်မြေနဲ့ မြန်မာပြည်ဖက်မှာ ပါဝင်တဲ့ နာဂတောင်တန်းတို့ကို ပေါင်းပြီး လွတ်လပ်တဲ့ နာဂနိုင်ငံ ထူထောင်ရေးပဲ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း အိန္ဒိယနဲ့ မြန်မာ အစိုးရ အဆက်ဆက်တွေကို နှစ်နိုင်ငံစလုံး လွတ်လပ်ရေး ရပြီးစကတည်းက လက်နက်ကိုင် ဆန့်ကျင်ခဲ့ကြပါတယ်။