မုံရွာမြို့နယ် နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော် မီးရှို့ခံရပြီး တစ်ဦးသေဆုံး
2024.02.05
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဂါးတွင်းရွာကို ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပြီး အသက်ရှစ်ဆယ်ကျော်အရွယ် အဘွားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်း နဂါးတွင်းရွာနားမှာ အင်အားတစ်ရာကျော်ပါ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်တစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က နဂါးတွင်းရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ နဂါးတွင်းရွာကိုမီးရှို့တာ သုံးကြိမ်မြောက်ရှိသွားပြီဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နဂါးတွင်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"တောပုရွာက ပျူစောထီးရော တစ်ရာကျော်ပေါ့။ တိုက်ပွဲခဏဖြစ်လိုက်ပြီး ညနေ ၃ နာရီလောက်ကျ ကျွန်တော်တို့ရွာ တောင်ပိုင်းကနေ မီးစရှို့တယ်ဗျာ။ အိမ်ခြေကတော့ တစ်ရာ့တစ်ဆယ်ကျော်တယ်။ ရှင်းလင်းရေးတွေ လုပ်တုန်းပေါ့။ အခုအကြိမ်က သုံးကြိမ်မြောက်ပေါ့၊ အဆိုးဆုံးပေါ့။ ဒေါ်သန်းသန်းဆိုတဲ့ အဘွား တစ်ယောက်တော့ မပြေးနိုင်လို့ အိမ်ထဲမှာပဲ မီးလောင်ပြီးဆုံးတာ။ သက်ကြီးရွယ်အိုတွေဆို တော်တော်ဒုက္ခရောက်တယ်ဗျာ။ တစ်ချို့ဆိုရင် ဆိုင်ကယ်မရှိတော့ ဘေးတွဲလေးတွေနဲ့ ကပ်လိုက်ရတယ်ဗျာ"
စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းထိုးရာတလျှောက်က အရပ်သားဆယ်ဦးကျော်ကိုပါ ဖမ်းဆီးခဲ့ပြီး နဂါးတွင်းရွာကို ဝင်ရောက်ပြီးချိန်မှာတော့ အားလုံးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကြောင့် နဂါးတွင်း၊ ဘုဘ၊ ချမ်းသာကျွန်း၊ ညောင်ဖြူပင်၊ ပေါက်ပင်၊ ထနောင်းတော(တောင်)၊ ထနောင်းတော(မြောက်) နဲ့ ကျွန်းရွာလေးတွေအပါအဝင် ရွာပေါင်းဆယ်ရွာခန့်က ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပေမယ့် လက်ရှိ စစ်ကြောင်းမရှိတော့တာကြောင့် မနေ့ကစပြီး ရွာသားတချို့ ရွာတွေထဲ ပြန်ဝင်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေသုံးရာဝန်းကျင်ရှိတဲ့ နဂါးတွင်းရွာကို ၂၀၂၃ ခုနှစ်ကလည်း စစ်ကောင်စီတပ်သားတွေ နှစ်ကြိမ် ဝင်ရောက်မီးရှို့တာကြောင့် နေအိမ်သုံးဆယ်ကျော် မီးလောင်ပျက်စီးခဲ့ပြီး အခုတစ်ကြိမ်က အများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းအရ နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေတဲ့ အရပ်သား ၂ ဒသမ ၆ သန်းကျော် ရှိပါပြီ။