နွားထိုးကြီးမြို့မှာ စစ်တပ်လက်နက်ကြီးကြောင့် ငါးဦးသေဆုံး

2021.09.21
နွားထိုးကြီးမြို့မှာ စစ်တပ်လက်နက်ကြီးကြောင့် ငါးဦးသေဆုံး မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် လျှော်ဖြူ (အလယ်) ရွာထဲက လက်နက်ကြီးကျည်ကျလို့ ပျက်စီးသွားတဲ့ နေအိမ်တစ်လုံးကို ၂၀၂၁ စက်တင်ဘာလ ၂၁ ရက်နေ့ က တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် လျှော်ဖြူ (အလယ်) ရွာထဲက နေအိမ်တစ်လုံးပေါ်ကို စက်တင်ဘာလ ၂၀ ရက်နေ့ မနေ့ညက စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် တစ်နှစ်ခွဲအရွယ် ကလေး တစ်ဦး အပါအဝင် ငါးဦး သေဆုံးသွားတယ်လို့ လျှော်ဖြူ (အလယ်) ရွာဒေသခံတွေက RFA ကိုပြောပါတယ်။

“ည ၁၁ နာရီလောက် စစ်ကောင်စီတပ်သားတွေ ရွာထဲကိုသေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်တယ်၊ လက်နက်ကြီးနဲ့လည်း ခုနှစ်ကြိမ်လောက်ပစ်တယ်၊ အခုက တောင်သူလုပ်ပြီး အေးအေးဆေးဆေးနေတဲ့ ဘာအပြစ်မှမရှိတဲ့ အိမ်ပေါ် တည့်တည့်ကိုကျတာ၊ အိမ်မှာ ခုနှစ်ဦးရှိတာ ငါးဦးသေတယ်၊ နှစ်ဦးကလည်း မန္တလေးမှာ ဆေးရုံတင်ထားရတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်ပြေးနေကြရသလို လက်ရှိအချိန်အထိ ရွာထဲက အပစ်ခံရတဲ့အိမ်နားမှာ စစ်ကောင်စီ တပ်သားတွေ ရှိနေတာကြောင့် ဘယ်သူမှ ပြန်မသွားရဲကြသေးဘူးလို့ ဒေသခံကဆိုပါတယ်။

သေဆုံးသွားသူတွေကို စစ်ကောင်စီ တပ်သားတွေက နွားထိုးကြီးမြို့ကို သယ်ဆောင်သွားပြီး သင်္ဂြိုဟ် လိုက်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာလ လဆန်းပိုင်းကစပြီး စစ်ကောင်စီအင်အား ၅၀ လောက်ဟာ လျှော်ဖြူ (အလယ်) ရွာက စာသင်ကျောင်းမှာ တပ်စွဲထားတာတာဖြစ်ပြီး ဒေသခံတွေကတော့ ကန့်ကွက်ထားကြတယ်လို့ဆိုပါပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လျှော်ဖြူ (တောင်) ရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဆိုင်းဘုတ် ထောင်းထားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းသွားသလို နောက်ထပ် အမျိုးသားနှစ်ဦးကိုလည်း အကြောင်းမဲ့ဖမ်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။