စလင်းမြို့ NLD အလုပ်အမှုဆောင် ပစ်သတ်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်လင်းကို စက်တင်ဘာလ ၁၄ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် ကျည်ဆန်ထိမှန် သေဆုံးသွားပါတယ်။
ဦးနိုင်လင်းဟာ အဖမ်းခံရစဉ် ဦးခေါင်းမှာ သေနတ်ကျည် ထိမှန်ခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်း ဆေးရုံကို ရောက်လာခဲ့ပေမယ့် သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းဌာန မြေလတ်အသံက သတင်း ရေးသား ထားပါတယ်။
စစ်ကောင်စီက နေအိမ်မှာ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးချိန် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဦးနိုင်လင်းရဲ့ ကုန်စုံဆိုင်အနီးက ငါးလှိုင်တွင်းလမ်းဆုံးနားမှာပဲ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် NLD ပါတီကလည်း မြို့နယ်အလုပ်အမူဆောင် ဦးနိုင်လင်း ဝန်ရကျေးရွာက နေအိမ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ စလင်းမြို့နယ်က ရဲတွေ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာကြောင့် ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ကြေညာထားပါတယ်။
ဦးနိုင်လင်းဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ခံ တစ်ဦး အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ခင်ပလူရွာမဲရုံမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မဲရုံးမှူးဆိုသူက တရားစွဲဆိုတာ ခံထားရသူဖြစ်ပါတယ်။