တိုက်ပွဲဖြစ်မှာ စိုးရိမ်တဲ့ နမ္မတူ ဒေသခံ ၃ဝဝ ဝန်းကျင် ထွက်ပြေး


2018.08.02
namatu-refugees-622.jpg ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - စိုင်းလောဝ်မိန်း - သီပေါ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ချယ်ရွာအနီးမှာ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် တပ်ပေါင်းစု အဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတဲ့သတင်းတွေကြောင့် ရွာအနီးတဝိုက်က ဒေသခံ ၃ဝဝ ဝန်းကျင်ဟာ သီပေါနဲ့ မန်စံရွာဘက် ထွက်ပြေးခိုလှုံနေကြပါတယ်။

မနေ့ကညနေပိုင်းမှာ မဟာမိတ်လက်နက်ကိုင်အဖွဲ့တချို့ကို တေ့ွမြင်ခဲ့တာကြောင့် ရွာသားတွေစိုးရိမ်ပြီး ထွက်ပြေးကြတာလို့ ပန်လုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိလိင်ဓ က ပြောပါတယ်။

"ပန်လုံရွာအရှေ့ဘက်မှာ သူတို့ရွာလေးရှိတယ်လေ၊ မန်ချယ်ဆိုတဲ့ရွာ၊ ကောက်စိုက်တဲ့လူတွေပြန်လာတာ၊ သူတို့တွေတော့ ထိတ်လန့်ပြီးတော့ ရွာထဲကိုလာပြောတာပေ့ါ၊ အဲဒါကြောင့် သူများတွေ အကုန်ထွက်ပြေးနေ ကြတာပေါ့"

ထွက်ပြေးလာသူတွေဟာ သီပေါမြို့မိုးတေကျောင်းမှာ နှစ်ဆယ်ဝန်းကျင်၊ သီပေါဘိုးတော်ကျောင်းမှာ ၁၄၄ ဦး၊ မန်စံကျေးရွာ ကမ္မဌာန်းကျောင်းမှာ ၇၄ ဦး၊ မန်စံမြောက်ကျောင်းမှာ ၃ဝ ဦး၊ ဆွေမျိုးနေအိမ်တွေမှာ နေထိုင်နေသူ ၁၃ ဦး စုစုပေါင်း လူဦးရေ ၃ဝဝ ဝန်းကျင်လောက် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်မှာတော့ မန်ချယ်ရွာဘက်မှာ လှုပ်ရှားနေတဲ့လက်နက်ကိုင်အဖွဲ့တွေ ထွက်ခွာသွားပြီဖြစ်တဲ့အတွက် မိုးတေကျောင်းမှာခိုလှုံနေတဲ့ ရွာသား ၂ဝ ဝန်းကျင်က နေရပ်ပြန်သွားပေမယ့် ကျန်တဲ့ရွာသားတွေကတော့ အခြေအနေစောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာတဝိုက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA တပ်တွေအပြင် တပ်မတော်ကလည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် လေးပွင့်ဆိုင် အခြေအနေ ရှိနေတာပါ။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

လတ်တလောမှာ  ပန်လုံဈေးကို ဗဟိုပြုပြီး လက်နက်ကိုင်အဖွဲ့တွေ နေရာယူထားတဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ပန်လုံရွာနဲ့မန်နားရွာသွားတဲ့ တောဖြတ်လမ်းမှာ RCSS နဲ့ TNLA တပ်တွေ  တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းက နမ္မတူမြို့နယ် မိုင်းမုကျေးရွာတဝိုက်က ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့အချို့ကြား တိုက်ပွဲတွေကြောင့် နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုနဲ့ မိုင်းမုကျေးရွာအုပ်စုက ရွာသား ၄ဝဝ ကျော်ဟာ နမ္မတူမြို့နယ် မန်စံကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ ခရစ်ယာန်ကျောင်း၊ ပန်လုံကျေးရွာဘုန်းကြီးကျောင်းနဲ့ သီပေါမြို့နယ် မိုးတေကျေးရွာ ဘုန်းတော်ကြီးကျောင်းတွေကို ထွက်ပြေးခိုလှုံခဲ့ရပါသေးတယ်။ မနေ့က ညပိုင်းမှာ ထွက်ပြေးလာသူတွေကိုတော့ ဌာနဆိုင်ရာတွေနဲ့ ဒေသခံတွေက ကူညီပေးနေတယ်လို့ သိရပါတယ်။

namatu-refugees-08022018064301.html
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။