မြန်မာအစိုးရကို ကျေနပ်စရာ ရှိကြောင်း ကုလ အထူးကိုယ်စားလှယ်ပြောကြား

မြန်မာအစိုးရသစ်ဟာ အားရ ကျေနပ်စရာ လက္ခဏာ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားက မေလ ၁၂ ရက် မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောပါတယ်။

2011.05.13
vijay_nambiar_unga_305z ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး ဗီဂျေ နမ်ဘီးယားကို အထွေထွေညီလာခံ အစည်းအဝေးတခုတွင် တွေ့ရပုံ။ (UN Photo/JC McIlwaine)
UN Photo/JC McIlwaine

ဒါပေမဲ့ စစ်မှန်တဲ့ ပြောင်းလဲတိုးတက်မှုတွေ ရှိလာမလားဆိုတာတော့ စောင့်ကြည့်ဖို့ အရေးကြီးတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် လွှတ်ပေးရေး အပါအဝင် လူ့အခွင့်အရေးတိုးတက်မှုအခြေအနေကို အလေးထား စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

 နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ မနေ့က ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာလည်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Mr. Martin Nesirky က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ မစ္စတာ နမ်ဘီယာတို့ဟာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ် တိုက်တွန်းခဲ့ကြသလို မစ္စတာနမ်ဘီယာ အနေနဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း အစိုးရသစ်ကို အလေးထားပြီး တွန်းအားပေး ပြောဆိုမှာ ဖြစ်တယ်လို့ Mr. Nesirky ပြောသွားပါတယ်။

ဒီအတောအတွင်း နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မစ္စတာ နမ်ဘီးယား အနေနဲ့ မြန်မာအစိုးရရဲ့ အသုံးချမခံရဖို့ အရေးကြီးတယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။ မစ္စတာ နမ်ဘီးယားအနေနဲ့ တိုးတက်မှု မရှိတဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြပြောဆိုဖို့ လိုတယ်လို့ HRW အဖွဲ့ရဲ့ အာရှနိုင်ငံများဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။

မစ္စတာ နမ်ဘီးယားအနေနဲ့ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပခဲ့ချိန်ကစလို့ လွန်ခဲ့တဲ့ ၆ လအတွင်း မြန်မာနိုင်ငံမှာ တိုးတက်မှု မရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အလေးထား ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ Ms Pearson ပြောသွားပါတယ်။

တချိန်တည်းမှာပဲ မြန်မာအရေးလှုပ်ရှားနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့ကလည်း မစ္စတာ နမ်ဘီးယားအနေနဲ့ လတ်တလော ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ထောက်ပြဖို့ အရေးတကြီးလိုအပ်တယ်လို့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။