နမ့်ခမ်းမြို့ပေါ် ဘုရားဝင်းနဲ့ စခန်းသစ်ကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေ
2023.11.07

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာရုံးအားလုံးနီးပါးကို နိုဝင်ဘာ ၆ ရက်မှာ TNLA က ထိန်းချုပ်လိုက်ပြီးနောက် နိုဝင်ဘာ ၇ ရက် ဒီနေ့မနက်ကစပြီး မြို့လယ်ဘုရားဝင်းနဲ့ သာယာကုန်းရပ်ကွက်မှာ ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ နမ့်ခမ်းမြို့ခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း မြို့လယ်ဘုရားဝင်းနဲ့ နေ့လယ်ပိုင်းမှာလည်း မြို့အတွင်းပိုင်း သာယာကုန်းရပ်ကွက်မှာ ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စခန်းသစ်ကုန်းအနီး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ နမ့်ခမ်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခု နမ့်ခမ်းမြို့ပေါ်မှာကို တိုက်ပွဲဖြစ်နေတာ။ TNLA က မနေ့ကတည်းက နမ့်ခမ်းရဲစခန်း၊ ထွေအုပ်ရုံးတွေ အကုန်လုံးကို ဝင်သိမ်းသွားတော့ စစ်ကောင်စီဘက်လူတွေက စခန်းသစ်ကုန်းမှာ သွားစုနေတာ။ မနက်က မြို့လယ် ဘုရားဝင်းထဲမှာ ဖြစ်တယ်။ အခုက စခန်းသစ်ကုန်းမှာ ဖြစ်နေတယ်”
တိုက်ပွဲကြောင့် မြို့ခံသုံးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရပေမယ့် အများစုကတော့ နေအိမ်မှာပဲ နေထိုင်နေကြတယ်လို့ ဒေသခံက ဆိုပါတယ်။
တိုက်ပွဲအတွင်း နေအိမ်အချို့နဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေ လက်နက်ကျည် ထိမှန်ပျက်စီးတာရှိပေမယ့် အရပ်သားထိခိုက်မှုကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြို့အတွင်းပိုင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး မြို့နဲ့အလှမ်းဝေးတဲ့ တောင်ပေါ် ရွာတွေနဲ့ တရုတ်နယ်စပ်အနီးမှာပဲ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
TNLA သတင်းပြန်ကြားရေးကတော့ နမ့်ခမ်းမြို့လယ် ဘုရားဝင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကို ဒီမနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး လက်နက်မျိုးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နေ့လယ်ပိုင်း တိုက်ပွဲအခြေအနေကိုတော့ ထုတ်ပြန်တာမရှိသေးသလို TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးမိုင်းအိုက်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
စစ်ကောင်စီဘက်ကလည်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
TNLA အနေနဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်ထိပ်လမ်းပိုင်းနဲ့ ရွှေညောင်ပင်၊ အုမ္မသီးရွာတွေမှာလည်း မန္တလေး PDF နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၇ ရက် ဒီနေ့မနက်ပိုင်းမှာတော့ ဂုတ်ထိပ် ရှုခင်းသာလမ်းပိုင်းကို ထိန်းချုပ်နိုင်တယ်လို့ ယူဆရတဲ့ ရုပ်သံဖိုင်တွေကို TNLA တပ်ဖွဲ့ဝင်အချို့က ထုတ်ပြန်လာပါတယ်။
ဒီနေ့နေ့လယ်ပိုင်းအထိ ရှမ်းမြောက်ဒေသ နမ့်ခမ်း၊ ကွမ်းလုံ၊ မုံးကိုး၊ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲဆက်ဖြစ်နေပြီး လားရှိုး၊ သိန္နီနဲ့ ကွတ်ခိုင်မြို့နယ်မှာလည်း စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်မြို့ကို မြောက်ပိုင်းညီနောင်အဖွဲ့က အပြည့်အ၀ သိမ်းပိုက်ထားပါတယ်။
နမ့်ခမ်း၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း) မြို့နေရာအများစုကိုတော့ မြောက်ပိုင်းအဖွဲ့က ထိန်ချုပ်ထားနိုင်ပေမယ့် အဲဒီမြို့တွေမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။