ကျားခေါင်းပါတီဝင် တစ်ဦး သတ်ဖြတ်ခံရ


2016.07.14
namkham-murder-620.JPG သေနတ်အပစ်ခံရလို့ သေဆုံးခဲ့တဲ့ နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေးရွာက ဦးစိုင်းကောင်းခမ်း ကို ဇူလိုင်လ ၁၃ ရက်နေ့က သယ်ဆောင်လာစဉ်
Photo: Nam Kham News (facebook)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့က တိုင်းခန်းမမှာပြုလုပ်တဲ့ ဆယ်တန်းအောင် ကျောင်းသားတွေ ဂုဏ်ပြုတဲ့ အခမ်းအနားကအပြန် အမည်မသိလူ ၂ ဦးက သေနတ်နဲ့ပစ်လိုက်တာကြောင့် နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေး ရွာ က ဦးစိုင်းကောင်းခမ်း ဆိုသူ သေဆုံးခဲ့ပါတယ်။

ဆယ်တန်းကျောင်းသားတွေကို ဂုဏ်ပြုပွဲ အခမ်းအနားကအပြန်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီး သေနတ် ဒဏ်ရာ ၃ ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒုတိယ ရဲမှူးကြီး ဦးအောင်မြတ်မိုး က ပြောပါတယ်။

"သေဆုံးသူက ဦးစိုင်းကောင်းခမ်း ပေ့ါနော်၊ သူ့သမီးပေါ့ နမ့်ခမ်းမှာရှိတဲ့ တိုင်းခန်းမမှာ ဆယ်တန်းကျောင်း သားတွေ ဂုဏ်ပြုပွဲ အခမ်းအနားကို လာတက်တာ၊ ကျားဖြူပါတီက ဦးဆောင်လုပ်တဲ့ ဂုဏ်ပြုပွဲပေါ့၊ အခမ်းအနား ပြီးတော့ ပြန်ဖို့ အတွက် ပါရာဒိုကားပေါ် တက်တဲ့အချိန်မှာ သူ့သမီးက ကားရဲ့တစ်ဘက်ခြမ်း မှာရှိတယ်၊ သူ့အဖေ က ကားမောင်း ဖို့အတွက် ဒါရိုက်ဘာဘက်အခြမ်းကို သွားနေတယ်၊ တံခါးဖွင့်ခါနီးမှာ အနောက်ကနေ နာမည်ခေါ်ပြီးတော့ လှည့်အကြည့်မှာ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်က ရုတ်တရက်ရောက်လာပြီး သေနတ်နဲ့ ပစ်သွားတာ၊ ပစ်ပြီး ချက်ချင်းထွက်ပြေးသွားတာပေါ့၊ ဒဏ်ရာက သုံးချက်မှန်တယ်"

သေဆုံးသွားသူဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီဝင်တစ်ဦးဖြစ်ကြောင်း စစ်ဆေး ချက်အရ တွေ့ရှိရပြီး လက်ရှိမှာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအတွက် ဆပ်ကြေးကောက်ပေးနေရသူ ဖြစ်တယ် လို့လည်း စုံစမ်းသိရှိရကြောင်းလည်း ဒုတိယ ရဲမှူးကြီး ဦးအောင်မြတ်မိုး က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နမ့်ခမ်းမြို့မရဲစခန်းမှာ လူသတ်မှု ပုဒ်မ ၃ဝ၂ နဲ့ အမှုဖွင့်ထားပြီး တရားခံကို ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။

ဒီလို ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တရားဥပဒေ စိုးမိုးရေး ကင်းမဲ့နေကြောင်းနဲ့ အစိုးရအပေါ် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု လျော့ပါးစေကြောင်း တရားဥပဒေ စိုးမိုးရေး ရှင်သန်လာအောင် ကြိုးပမ်းပေးဖို့ ရှမ်းပြည်နယ် အစိုးရကို တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။