ပြည်သူ့စစ်တပ်ဖွဲ့ဝင် ရှစ်ဦးကို တအာင်းတပ်ဖွဲ့ ဖမ်းဆီး
2020.03.16
နမ့်ခမ်းမြို့နယ် အတွင်းက ပန်ဆေးပြည်သူ့စစ်စခန်း အပါအဝင် ပြည်သူ့စစ်စခန်းငါးခုကို TNLA တပ်ဖွဲ့တွေက မတ်လ ၁၅ ရက်နေ့ မနေ့ကမနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင်ရှစ်ဦးကို မူးယစ်ဆေး တွေနဲ့ ဖမ်းဆီးရမိတယ်လို့သတင်း ထုတ်ပြန်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း-နမ့်ဖတ်ကာလမ်းပိုင်းမှာရှိတဲ့ ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ ကျေးရွာ တွေက ပြည်သူ့စစ်စခန်းငါးခုကို TNLA တပ်ဖွဲ့တွေက မတ်လ ၁၅ ရက်မနေ့ကမနက်ပိုင်းမှာ ဝင်တိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘိန်းခင်းအပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆောင်ရွက်ချိန်မှာ ပြည်သူ့စစ်အဖွဲ့တွေက စတင်ပစ်ခတ်တာလို့ TNLA ဘက်က ပြောပါတယ်။ နေ့လယ်ပိုင်းလောက် တိုက်ပွဲအပြီးမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးရဲ့ ရုပ်အလောင်း ကိုတွေ့ရပြီး စခန်းငါးခုကနေ ပြည်သူ့စစ် ရှစ်ဦးကို ဘိန်းမဲ ၂၁၆ ပိဿာ၊ မူးယစ်ဆေးပြား လေးသောင်းကျော်ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိသူတွေကို စစ်ဆေးနေ တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
တိုက်ပွဲအတွင်းကနေပဲ ဘိန်းစိုက်ခင်း ဆယ်ဧကလောက်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မနေ့က တိုက်ပွဲမှာ ပြည်သူ့စစ် တစ်ဦးကျဆုံးတာကိုတွေ့ရတယ်လို့ TNLA ပြောထားပြီး ဒေသခံတွေကတော့ နှစ်ဦး ကျဆုံးတယ်လို့ ပြောပါတယ်။
နမ့်ခမ်းနမ့်ဖတ်ကာ ကားလမ်းပေါ်က မန်ပန်(လီရှော)ရွာ၊ ကျောက်ကုန်းတန်း၊ ပန်ဆေး၊ မန့်မိုင်(ပန်မောင်) စတဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူ့စစ်ခန်းတွေကို TNLA တပ်ဖွဲ့တွေက မနေ့ကမနက်ပိုင်းမှာ ဝင်တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။အဲဒီဒေသတွေဟာ လီဆူ၊ ပလောင်နဲ့ ခိုလုံလီရှော တိုင်းရင်းသားတွေ နေထိုင်ကြတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ပြည်သူ့စစ်တွေဟာ တာကွမ့် ပြည်သူ့စစ်စခန်းကသူတွေ ဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
သေဆုံးသွားတဲ့ ပြည်သူ့စစ်နှစ်ဦးကတော့ မန့်မိုင်ပြည်သူ့စစ်ခန်းကလို့ ဒေသခံက ပြောပါတယ်။
ပန်ဆေးဒေသ ခိုလုံလီရှော ပြန်ကြားတာဝန်ခံ မသိမ့်ကတော့ သူတို့ဒေသမှာ TNLA က ဖော်ပြသလို ဘိန်းစိုက် ခင်းတွေ မရှိဘူးလို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူ့စစ်တွေကို မူးယစ်ဆေးတွေနဲ့ ဖမ်းမိတယ်ဆိုပြီး ရိုက်ထားတဲ့ပုံဟာ ပြည်သူ့စစ်ခန်းအတွင်း၊ အပြင်မှာ မဟုတ်ဘဲ TNLA ထိန်းချုပ်တဲ့နေရာမှာ ရိုက်ထားတာဖြစ်ပြီး မူးယစ်ဆေးတွေ အဲလောက်များများစာစား ပြည်သူ့စစ်စခန်းမှာ မရှိဘူးလို့ ပြောပါတယ်။
မနေ့ကတိုက်ပွဲဟာ ညနေပိုင်းမှာ နမ့်ခမ်းမြို့ဘက်ကို ပိုနီးလာပြီး မာန်အောင်နဲ့ ဖဒဲရွာတွေဘက်မှာ ပိုပြီးပြင်း ထန်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်မှာ တပ်မတော်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက ဖဒဲကျေးရွာက အချို့က နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ မာန်အောင်ကျေးရွာ ဒေသခံ မိုင်းနော်ရိန်းက RFA ကို ပြောပါတယ်။
နမ့်ခမ်းမြို့နယ်မှာ ပန်ဆေးအဖွဲ့နဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့နှစ်ဖွဲ့ အဓိကလှုပ်ရှားတာပါ။ ပန်ဆေးကတော့ နမ့်ခမ်းနဲ့ နမ့်ဖတ်ကာလမ်းပိုင်းက ခိုလုံလီရှော တိုင်းရင်းသားတွေရှိတဲ့ ကျေးရွာတွေဘက်မှာ အဓိကလှုပ်ရှားပြီး မြို့ပေါ်မှာတော့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့က အဓိက လှုပ်ရှားတာဖြစ်ပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်းမှာ လူငယ်တွေကြား မူးယစ်ဆေးပြဿနာဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုလို ဖြစ်နေတာလို့ နမ့်ခမ်းဒေသခံတွေက ပြောကြပါတယ်။ TNLA အဖွဲ့က မနေ့က ပြည်သူ့စစ်အဖွဲ့တွေဆီက မူးယစ်ဆေးတွေဖမ်းမိ တယ်ဆိုတဲ့ သတင်းကြောင့် အံ့သြမိတယ်လို့ အရင်က ပြည်သူ့စစ်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးမြင့်ကျော်က ပြောပါတယ်။
နမ့်ခမ်းဒေသမှာ မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းတွေကို အရင်ကတည်း ရှမ်းလက်နက်ကိုင် အဖွဲ့တွေက လုပ်ကိုင်ခဲ့ပေမယ့် လက်နက်ကိုင်ပြည်သူ့စစ်တွေနဲ့ တပ်မတော်ဘက်က နယ်မြေအကြောင်းပြ တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့ အတွက်မအောင်မြင်ခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ နမ့်ခမ်းမြို့က ရှမ်းတိုင်းရင်းသား ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ နမ့်ခမ်းဖောင်ဆိပ်တဝိုက် မူးယစ်ဈေးတန်းလိုဖြစ်နေသလို လူငယ်တွေ မူးယစ်ကျေးကျွန် ဘ၀ ရောက်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။ ဒေသအတွင်း ပြည်သူ့စစ်တွေ ရှိနေပေမယ့်လည်း မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအတွက် ဘာမှမထူးခြားဘူးလို့ သူက ဆက်ပြောပါတယ်။
မူးယစ်ဆေးသုံးသူတွေဟာ ပလောင်တိုင်းရင်းသားတွေ အများဆုံးဖြစ်ပြီး ဒုတိယက ခိုလုံလီရှော တိုင်းရင်းသား တွေဖြစ်သလို ရှမ်းနဲ့ ကချင်တိုင်းရင်းသား လူငယ်တွေလည်း မူးယစ်ဆေးသားကောင် ဖြစ်နေရတယ်လို့ နမ့်ခမ်း မြို့တအာင်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ အခုရက်ပိုင်း မူးယစ်ဆေးဝါးတွေ အကြီးအကျယ် ဖမ်းမိနေတာပါ။ တပ်မတော် ကကွတ်ခိုင်ဒေသမှာ မူးယစ်ဆေးတွေ ဖမ်းဆီးနေသလို TNLA ဖွဲ့တွေက နမ့်ခမ်းဒေသဘက်မှာ ဖမ်းဆီးမှုတွေ လုပ်နေပေမယ့် မူးယစ်ဆေးတွေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို တိတိကျကျ မထုတ်ဖော်နိုင်သေးပါဘူး။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပမာဏဟာလည်း မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ပမာဏရဲ့ အနည်းငယ်လောက်ပဲ ရှိနေသေးတယ်လို့ ဒေသအတွင်း မူးယစ်ဆေး ဆန့်ကျင်ရေး အဖွဲ့တွေက သုံးသပ်ကြပါတယ်။