နမ့်ဖတ်ကာတိုက်ပွဲမှာ ရက်နှစ်ဆယ်အတွင်း အရပ်သား ၂၄ ဦးသေဆုံး

RFA Burmese
2024.01.17
နမ့်ဖတ်ကာတိုက်ပွဲမှာ ရက်နှစ်ဆယ်အတွင်း အရပ်သား ၂၄ ဦးသေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်ထားသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့က တွေ့မြင်ရစဉ်။
Ta'ang Women's Organization - TWO

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရက်ပေါင်း နှစ်ဆယ်အတွင်း အရပ်သား ၂၄ ဦးအထိ သေဆုံးခဲ့တယ်လို့ နမ့်ဖတ်ကာရွာခံတွေက ဇန်နဝါရီလ ၁၇ ရက်နေ့မှာ RFA ကိုပြောပါတယ်။

နမ့်ဖတ်ကာရွာမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် ဒီနေ့ထိ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး ဒီတိုက်ပွဲတွေအတွင်း မနေ့ကအထိ အရပ်သားသေဆုံးသူ ၂၄ ဦးအထိ ရှိလာတာလို့ နမ့်ဖတ်ကာရွာခံ ကိုချယ်ရီက RFA ကိုပြောပါတယ်။

“မနေ့ကလည်း လက်နက်ကြီးထိလို့ တစ်ယောက်သေတယ်။ ဒီရက်ပေါင်း နှစ်ဆယ်အတွင်းမှာ မိသားစုလိုက်သေသွားတာ နှစ်နေရာရှိတယ်။ တစ်နေရာက ဈေးနားမှာ လေယာဉ်နဲ့လာပစ်လို့ ကလေးနှစ်ယောက်နဲ့ လင်မယားနှစ်ယောက်လုံး သေသွားတာ။ ရပ်ကွက် (၄) မှာလည်း လက်နက်ကြီးကျလို့ တရုတ်လူမျိုး မိသားစုလိုက် သုံးယောက်သေသွားတာ ရှိတယ်။ အခု ကျွန်တော် ကောက်ထားတဲ့စာရင်းမှာဆိုရင် ကလေးလူကြီး စုစုပေါင်း ၂၄ ယောက်ရှိပြီ ဒီရက် နှစ်ဆယ်အတွင်းမှာ သေတာ”

KIA က နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က တပ်စခန်းကို လက်မလွှတ်ရရေး လေကြောင်း၊ လက်နက်ကြီးတွေ အသုံးပြုပြီး ခုခံနေတာလို့ သူကဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်ခံရလို့ ဘုန်ကြီးကျောင်း တစ်ကျောင်းနဲ့ နေအိမ် ဆယ်လုံးကျော် မီးလောင်ခဲ့ပြီး၊ နောက်ထပ် ဘုန်းကြီးကျောင်း ငါးကျောင်းနဲ့ နေအိမ် အလုံး နှစ်ရာနီးပါးကတော့ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲတွေကြောင့် နမ့်ဖတ်ကာ တိုက်နယ်အတွင်းက လူဦးရေ တစ်ထောင်ကျော် တိမ်းရှောင်နေရပြီး အကူအညီတွေလည်း မရကြသလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခံထားရလို့ ဆက်သွယ်ဖို့အတွက်လည်း အခက်အခဲရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေးမစခင် ၂၀၂၃ ခုနှစ် သြဂုတ်လကတည်းက နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) တပ်နဲ့ ပြည်သူ့စစ်စခန်းတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA၊ KIA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ စဖြစ်ခဲ့ပါတယ်။

နမ့်ဖတ်ကာမှာ တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ ဒီနေ့အထိ တိုက်ပွဲကာလအတွင်းမှာတော့ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် စုစုပေါင်း သေဆုံးတဲ့ အရပ်သား ငါးဆယ်ကျော်ထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။