နမ့်ဆန်မြို့ပေါ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
2023.12.12

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ပေါ်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတာကြောင့် မြို့ပေါ်ရပ်ကွက်သုံးခုက ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရသူတွေက ပြောပါတယ်။
နမ့်ဆန်မြို့ ပတ္တမြားစေတီအနီးမှာရှိတဲ့ ကောင်းမူဆိုင် စစ်ကောင်စီတပ်စခန်းနဲ့ မြို့ပေါ် ရဲစခန်းကို ဒီဇင်ဘာလ ၁၁ ရက် မနေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်ခဲ့ပြီး နမ့်ဆန်ဆေးရုံရှေ့က စစ်ကောင်စီတပ် စခန်းကုန်းကိုပါ ဆက်တိုက်နေတာပါ။
ဒီနေ့မနက်မှာ စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ပစ်နေတာကြောင့် တပ်စခန်းနဲ့နီးတဲ့ မြို့ပေါ်ရပ်ကွက်သုံးခုက ဒေသတစ်ထောင်ကျော် ထွက်ပြေးနေရတာလို့ နမ့်ဆန်ဒေသခံ အမျိုးသားတစ်ဦးက RFA ကိုပြောပါ တယ်။
"မြို့ထဲမှာ မနေ့က ညကိုးနာရီမှာ တိုက်ပွဲရပ်သွားတာ။ ဒီမနက်ငါးနာရီမှာ ပြန်စပစ်ကြတယ်။ မြို့ဘက်အခြမ်း တောင်ကုန်းတွေမှာက TNLA ကရှိထားတော့ တပ်ကလှမ်းပစ်တာ အိမ်တွေထိတာရှိတယ်။ မနက် ရှစ်နာရီခွဲလောက်မှာလေ ယာဉ်နှစ်စီးနဲ့ လာပစ်သွားတယ်။ အခုမြို့ပေါ်ရပ်ကွက် ခြောက်ခုရှိတဲ့အထဲက မင်္ဂလာရပ်ကွက်၊ မြို့လယ်ရပ်ကွက်၊ နမ္မဝေါရပ်ကွက် သုံးခုကလူတွေ အားလုံးပြေးကြပြီ။ လောလောဆယ် ခန့်မှန်းရတဲ့ စာရင်းအရဆို တစ်ထောင်ကျော်ရှိတယ်"
(TNLA) တပ်ဖွဲ့ကတော့ နမ့်ဆန်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အချို့ရရှိခဲ့တယ်လို့ ဒီနေ့မှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။
ဒီနေ့တိုက်ပွဲအတွင်း မန်တုံအခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးနဲ့ ငါးကြိမ်ပစ်ခဲ့ပြီး Y - 12 ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်လာရောက်ဗုံးကြဲခဲ့တယ်လို့ TNLA ကဆိုပါတယ်။
ဒီဇင်ဘာ ၁၀ ရက်ကလည်း နမ့်ဆန်မြို့ “ကဒိုင်းဖူး”တောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်ခဲ့ပြီး (၆၀) မမ လက်နက်ကြီးအပါအဝင် လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ (TNLA) က ထုတ်ပြန်ထားပါတယ်။
အလားတူ နမ့်ခမ်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်းကို (TNLA) က ဆက်လက်တိုက်ခိုက်နေပြီး ဒီဇင်ဘာ ၁၂ ရက် ဒီနေ့အထိ တိုက်ပွဲ ဆက်လက်ပြင်းထန် နေတယ်လို့ နမ့်ခမ်းမြို့ခံတစ်ဦးက ပြောပါတယ်။
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ထဲမှာလည်း ဒီဇင်ဘာလ ၁၁ ရက် မနေ့ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ပါ လာရောက်တိုက်ခိုက် ခဲ့တယ်လို့ မူဆယ်မြို့ခံ ကိုလွင်က ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က အသေးစိတ် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရှမ်းမြောက် ဒေသမှာ တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြောဆိုထားပါတယ်။
ဒီဇင်ဘာ ၁၁ ရက် မနေ့ကတော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ခေါင်းဆောင်အချို့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့တို့ တရုတ်နိုင်ငံအကူအညီနဲ့ တွေ့ဆုံခဲ့ပြီး ဒီလကုန်မှာလည်း ထပ်မံတွေ့ဆုံဖို့ သဘောတူညီမှုရခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်တွင်း မီဒီယာတွေကို ပြောဆိုထားပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဘက်ကတော့ ဒီကိစ္စအပေါ် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရှမ်းမြောက်ဒေသမှာ အောက်တိုဘာ ၂၇ ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက် နေ့စဉ်တိုးလာနေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် လူဦးရေတစ်သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ စောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။