နမ့်ဆန်မှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်စလုံးဆုံးရှုံး

RFA Burmese
2024.04.23
နမ့်ဆန်မှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်စလုံးဆုံးရှုံး နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက်မှ မြေမြှုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်စလုံးဆုံးရှုံးခဲ့သူအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဥ်။
Ta’ang Post

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက်မှာ ဧပြီလ ၂၂ ရက်နေ့ မနေ့နေ့လယ် တစ်နာရီက အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာက ဒီနေ့မှာ ဖော်ပြထားပါတယ်။

မိုင်းနင်းမိသူဟာ လားရှိုးကနေ နမ့်ဆန်မှာ အလုပ်လာလုပ်နေတဲ့ အသက် ၂၀ အရွယ် အမျိုးသားဖြစ်ပြီး စစ်ကောင်စီတပ် စခန်းကုန်းအဟောင်းနားကို ငှက်ပစ်ဖို့သွားချိန်မှာ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီအမျိုးသားကို နမ့်ဆန်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုပေးထားတယ်လို့ TNLA ဘက်က ပြောပါတယ်။

ဘယ်အဖွဲ့က ထောင်ခဲ့တဲ့မိုင်းလဲ ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

နမ့်ဆန်မြို့နယ်အတွင်းမှာ TNLA က မြေမြှုပ်မိုင်းရှင်းလင်းရေးတွေကို လုပ်ဆောင်နေပြီး လက်ရှိမှာ မြေမြှုပ်မိုင်း အလုံးလေးဆယ်ကျော် အပါအဝင် ပေါင် ၃၀၀ နဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံးစီကို ရှင်းလင်းထားပြီးဖြစ်တယ်လို့ TNLA က ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့ ၁၆ မြို့မှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် အရပ်သားတွေ မကြာခဏထိခိုက်နေရတာပါ။

ဧပြီလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေကလည်း MNDAA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ သိန္နှီမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ၁၀၂၇ စစ်ဆင်ရေးအပြီးနောက်ပိုင်း ဇန်နဝါရီလကနေ မတ်လအထိ ရှမ်းပြည်မြောက်ပိုင်းမှာ မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ဆယ်ယောက်သေဆုံးခဲ့ပြီး ၂၉ ဦး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။