နမ္မတူမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရ

RFA Burmese
2023.12.26
နမ္မတူမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရ မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်အွန်လိုင်း အသုံးပြုရန် ကြိုးပမ်းနေသူတစ်ဦး။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ကို စစ်ကောင်စီက တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေအားလုံး ဒီဇင်ဘာ ၂၆ ရက်နေ့က ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

MPT ဖုန်းလိုင်းတွေ ဒီနေ့ပြတ်သွားပြီလို့ နမ္မတူမြို့ကနေ ဒီဇင်ဘာ ၂၅ ရက်နေ့က စစ်ဘေးတိမ်းရှောင်လာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

"Mytel ဖုန်းလိုင်းက ဒီဇင်ဘာ ၂၄ ရက်နေ့ထဲက ပြတ်သွားတာ၊ MPT ဖုန်းလိုင်းကတော့ ဒီနေ့ညနေမှ ပြတ်သွားတာ။ အဲဒါကြောင့် နမ္မတူမှာ ဖုန်းလိုင်းတွေရော Wifi စက်တွေပါ သုံးလို့မရတော့ဘူး။ မြို့ထဲမှာ ကျန်နေသေးတဲ့သူတွေကိုလဲ ဆက်သွယ်လို့ မရတော့ဘူး"

နမ္မတူမြို့မှာ အရင်က Mytel နဲ့ MPT ဖုန်းလိုင်းနှစ်ခုသာ အသုံးပြုလို့ရတာပါ။ Ooredoo နဲ့ Telenor လို့ခေါ်ကြတဲ့ ATOM ဖုန်းလိုင်းတွေကတော့ အရင်ကတည်းက သုံးလို့မရပါဘူး။

Mytel နဲ့ MPT ဖုန်းလိုင်းနှစ်ခုလုံး ဖြတ်တောက်ခံထားရတာကြောင့် နမ္မတူမြို့မှာ ဆက်သွယ်ရေးအားလုံးပြတ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

နမ္မတူမြို့ကို ဖုန်းနဲ့ အင်တာနက်တွေ ဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က မေးမြန်းဖို့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နမ္မတူမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံအားလုံးနီးပါး နေရပ်စွန့်ခွာထွက်ပြေးသွားကြပြီး အိမ်စောင့်ကျန်ခဲ့တဲ့သူတွေ အနည်းငယ်သာ မြို့ထဲမှာ ရှိနေတော့တာပါ။

ဒီဇင်ဘာ ၂၆ ရက်နေ့မနက်အစောပိုင်းကစပြီး နမ္မတူမြို့ထဲမှာ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရတာကို ဖုန်းလိုင်း ဖြတ်တောက်မခံရခင် ကျန်နေတဲ့ ဒေသခံတချို့က တင်ထားတဲ့ ရုပ်သံဖိုင်တွေမှာ တွေ့ရပါတယ်။

စစ်ကောင်စီက နမ္မတူတိုက်ပွဲအတွင်း လေကြောင်းသုံးတိုက်ခိုက်တာတွေရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် မြို့ထဲက နေအိမ်တချို့မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒါ့အပြင် နမ္မတူ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းဆောင်တစ်ခုလည်း မီးလောင်သွားတယ်လို့ ပြောဆိုကြပါတယ်။ မီးလောင်ပျက်စီးတဲ့အခြေအနေကိုတော့ RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒီဇင်ဘာ ၂၅ ရက်နေ့ညနေကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ္မတူမြို့က အရပ်သားနှစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံတွေကပြောသလို တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။