နမ္မတူမြို့ကနေ ထွက်ပြေးလာသူ ၄ဝ ကျော်ရှိနေ
2018.04.12

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု မိုင်းညောင်ရပ်ကွက်က ဦးအိုက်စန်းနဲ့ ဇနီဖြစ်သူ ဒေါ်အေးခိုတို့ ကျွဲကျောင်းသွားရင်း ပျောက်ဆုံးသွားတာကြောင့် အဲဒီရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတွေဟာ ကြောက်လန့်ပြီး လားရှိုးမြို့ပေါ်ကို မနေ့ညနေပိုင်းက ထွက်ပြေးလာကြသူ ၄ဝ ကျော်လောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ သုံးရက်နေ့က ရွာသားနှစ်ဦးပျောက်ဆုံးခဲ့တာဖြစ်ပြီး တောင်ယာအလုပ်ကို လုပ်ကိုင်နေရတဲ့ ရွာသားတွေ ကျေးရွာမှာ မနေရဲတော့တဲ့အတွက် ထွက်ပြေးလာတာလို့ မိုင်းညောင် ရွာက ဦးအိုက်ခို က ပြောပါတယ်။
"ငါတို့က တောမှာ အလုပ်အကိုင်မသွားရဲလို့ ဒါကြောင့် လားရှိုးကို ထွက်ပြေးလာတာ၊ ပျောက်တဲ့လူက တောထဲမှာ ကျွဲသွားရှာင်ရင်း ပျောက်သွားတာ၊ ခုထိလည်း သတင်းမရဘူး"
ပျောက်ဆုံးသွားတဲ့ ဦးအိုက်စန်းတို့လင်မယားနှစ်ယောက်မှာ သားသမီးသုံးယောက်ရှိပြီး ပျောက်ဆုံးသူတွေကို ရှာဖွေဖို့ကြိုးစားပေမယ့် ရွာနဲ့ အနီးအနားတစ်ဝိုက်မှာ လက်နက်ကိုင်အဖ့ွဲတွေရှိနေသလို မိုင်းအန္တရာယ်လည်း ရှိနေတာကြောင့် တောထဲထိ လိုက်လံမရှာဖွေရဲကြဘူးလို့ ဆိုပါတယ်။
မိုင်းညောင်ရွာက ထွက်ပြေးလာသူတွေကို လားရှိုးမြို့ ပလောင်စာပေယဉ်ကျေးမှုခန်းမမှာ နေရာချထားပေးနေပြီး လက်ရှိမှာ လူဦးရေ လေးဆယ်ကျော် ရောက်ရှိနေပြီဖြစ်ပါတယ်။
နားဆိုင်းကျေးရွာဟာ နမ္မတူ-လားရှိုး လမ်းပေါ်မှာတည်ရှိပြီး ကျေးရွာတဝိုက်မှာ တပ်မတော်၊ RCSS/SSA နဲ့ TNLA တပ်တွေဟာ မကြာခဏ သွားလာလှုပ်ရှားမှုရှိသလို တိုက်ပွဲတွေလည်း ဖြစ်ပွားတဲ့နေရာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ဝ ရက်နေ့က နမ္မတူမြို့နယ် မန်စံ၊ ပန်ကွပ်၊ နားဆိုင်းကျေးရွာတဝိုက်မှာ တပ်မတော်၊ RCSS/ SSA နဲ့TNLA တို့ကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ လားရှိုးနဲ့ နမ္မတူမြို့ပေါ်ကို နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရပြီး တချို့ဟာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ကြသေးဘဲ နမ္မတူမြို့ပေါ်မှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့ကလည်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖ့ွဲတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိတာကြောင့် နမ္မတူမြို့နယ် လွယ်ပြေကျေးရွာအုပ်စု ပန်လော့ရွာမှာ နေထိုင်တဲ့ ရွာသားတွေဟာ နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာခဲ့ကြတယ်လို့ ဒုက္ခသည်တွေကို အကူညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။