TNLA က ဖမ်းထားတဲ့ နန်းမိုဟွမ် ပြန်လွတ်ရေး မိသားစုဝင်တွေ ဆန္ဒပြ
2018.09.07

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA က ဖမ်းဆီးသွားတဲ့ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နန်းမိုဟွမ် ရဲ့ မိသားစုဝင်တွေက ရှမ်းပြည်နယ် နမ့်ခမ်းမြို့လယ် ဘုရားပန်ပွဲကွင်းမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဒီကနေ့ဆန္ဒပြပွဲကို နန်းမိုဟွမ်ရဲ့ မိသားစုဝင် ဆယ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နန်းမိုဟွမ်ရဲ့ မိသားစုဝင်တွေက ဒီနေ အထိ နန်းမိုဟွမ်နဲ့ အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သူ့ရဲ့ကျန်းမာရေးအတွက် စိုးရိမ်မိသလို အပြစ်မရှိဘဲ အပြစ်ဝန်ခံခိုင်းမှာကိုလည်း စိုးရိမ်တယ်လို့ နန်းမိုဟွမ်ရဲ့ အဒေါ်ဖြစ်သူ နန်းမြရင် က ပြောပါတယ်။
နန်းမိုဟွမ်ဟာ နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး သြဂုတ်လ ၁၇ရက်နေ့မနက်ပိုင်းက ပါကျဲရိုးကားအနက်ရောင်နဲ့ အမျိုးသားသားငါးဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA က သူတို့အဖွဲ့က နန်းမိုဟွမ်ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စက်တင်ဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ TNLA အကောက်ခွန်ဌာနက ဝန်ထမ်းတွေ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် သေဆုံးခဲ့မှုနဲ့ပတ်သက်လို့ နန်းမိုဟွမ်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ အရေးယူပေးဖို့တိုင်ကြားလာတဲ့အတွက် TNLA အဖွဲ့ရဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ နဲ့ အမှုဖွင့်အရေးယူထား တာဖြစ်တယ်လို့ ပါဝင်ပါတယ်။
နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံကို စာပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
နန်းမိုဟွမ် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ရှမ်းနဲ့ပလောင်တိုင်းရင်းသားတွေကြားမှာ ချစ်ကြည်မှုပျက်မှာကိုလည်း မလိုလားကြဘူးလို့ နမ့်ခမ်းဒေသခံတချို့က RFA ကို ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ရှမ်းလူငယ်တွေက လုံခြုံရေး ဆောင်ရွက်ပေးခဲ့သလို နန်းမိုဟွမ်ဇာတိ စယ်အူကျေးရွာက ရွာသားတွေနဲ့ နမ့်ခမ်းမြို့ပေါ်က ဒေသခံ သုံးရာဝန်းကျင်က အားပေးဝန်းရံခဲ့ကြပါတယ်။