ဒေါ်နန်းခင်ထွေးမြင့် ထပ်တိုးအမှုနဲ့ ထောင်ဒဏ် နှစ်ပေါင်း ၈၀ အမိန့်ချခံရ
ထောင်ဒဏ် ၇၇ နှစ် အမိန့်ချမှတ်ခံထားရပြီးဖြစ်တဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဟာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ ဘားအံထောင်တွင်း တရားရုံးကနေ နောက်ထပ် ထောင်သုံးနှစ် အမိန့်ချခံရလို့ စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၈၀ အမိန့်ချခံထားရပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က နဲ့ ဒီဇင်ဘာလထဲမှာပဲ စွဲချက်တင်ခံရကာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်သုံးနှစ်အဖြစ် ချမှတ်ခံလိုက်ရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီလထဲမှာပဲ ချက်ချင်းစွဲပြီးတော့ ရှေ့နေတွေ ဘာတွေငှားခွင့်တွေ ဘာမှပြောခွင့် အချိန်မရဘူးပေါ့နော်။ မိသားစုနဲ့လည်း အဆက်အသွယ်မရတော့ ချက်ချင်းရုံးထုတ်ပြီးတော့ စစ်လိုက်တာ ဒီနေ့ အမိန့်ချတယ်လို့ သိရတယ်”
အခုအမှုက ရွေးကောက်ပွဲ မသာမှုပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွဲဆိုခဲ့တာဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀-က မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါ က ထောင်ဒဏ်သုံးနှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ သုံးခုဆက် အနိုင်ရခဲ့သူဖြစ်ပါတယ်။