မြန်မာအမျိုးသမီး ငွေမဲခဝါချမှုနဲ့ ထိုင်းရဲ ဖမ်းဆီး


2017.11.29
nanmyintmyinttheinaye-622.jpg မြန်မာနိုင်ငံသူ နန်းမြင့်သိန်းအေး ကို တွေ့ရစဉ်
.

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က အလိုရှိနေတဲ့  မြန်မာနိုင်ငံသူ နန်းမြင့်သိန်းအေး ဆိုသူကို ဘန်ကောက်မြို့မှာ နိုဝင်ဘာလ ၂၉  ရက်နေ့က  ဖမ်းဆီးလိုက်ပါတယ်။ မူးယစ်ဆေးဝါးကရတဲ့ ထိုင်းဘတ်ငွေ သန်းပေါင်း တသန်းကျော်ကို ၁၀ နှစ်ကျော်ကြာ လွဲပြောင်းပေးမှုနဲ့ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

သူဟာ ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပါတယ်။ နန်းမြင့်သိန်းအေး စီးလာတဲ့ကားကို ဘန်ကောက်မြို့ ကန်ဖဲဖစ် ၆ လမ်းမှာရှိတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရုံးနားမှာ ရပ်တန့်စစ်ဆေးပြီးတဲ့နောက် ဖမ်းဆီးလိုက်တာပါ။ သူဟာ ထိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့က အလိုရှိနေသူ  ၄ ဦးထဲက တဦးဖြစ်ပြီး ပူးပေါင်းကြံစည်မှု၊  ဥပဒေမဲ့မှားယွင်းစွာလုပ်ဆောင်နေသူတွေကိုကူညီမှု၊ လက်ခံဆောင်ရွက်ပေးမှုတွေနဲ့ သူ့ကိုဖမ်းဆီးလိုက်တာလို့ ထိုင်းရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံသူ နန်းမြင့်သိန်းအေး ဟာ ထိုင်းနိုင်ငံမှာ ဘဏ်စာအုပ်တွေ အတော်များများဖွင့်ထားပြီး မူးယစ်ဆေးဝါး လုပ်ကိုင်သူတွေအတွက် ငွေလွှဲပြောင်းပေးနေသူဖြစ်တယ်လို့လည်း ပြောပါတယ်။  သူ့ဘဏ်ငွေစာရင်းစာအုပ်တွေ ကို ပြီးခဲ့တဲ့ သုံးနှစ်ကတည်းက စောင့်ကြည့်စစ်ဆေးတဲ့အခါ ထိုင်းဘတ်ငွေ သန်း ၅ ထောင်ဖိုး လွှဲပြောင်းခဲ့ တာ တွေ့ရတယ်လို့ ဆိုပါတယ်။  နိုင်ငံတကာကို လွှဲပြောင်းခဲ့တာတွေနဲ့ပါ ပေါင်းလိုက်ရင် ထိုင်းဘတ်ငွေ သန်းပေါင်းတသောင်းထက်မနည်း ငွေလွှဲပေးတာတွေ့ရှိရတယ်လို့လည်း ပြောပါတယ်။

နန်းမြင့်သိန်းအေး ဟာ လောလောဆယ် မြန်မာနိုင်ငံမှာ တခြားစီးပွားရေးလုပ်ငန်းတွေအပြင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေပြီး ဆေးကုသဖို့ ထိုင်းကို လာရောက်ချိန်မှာ ဖမ်းဆီးခံရတာပါ။ သူဟာ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘဲ ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိဘူးလို့ သူ့ကို ဖမ်းဆီးချိန်မှာ ရဲအရာရှိတွေကို ပြောပါတယ်။

သူ့နာမည်နဲ့ဖွင့်ထားတဲ့ ဘဏ်စာရင်းကို ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အခါ စက်တင်ဘာလတုန်းက ဖမ်းမိခဲ့တဲ့ မူးယစ်ဂိုဏ်းတဂိုဏ်းက  ငွေတွေလွှဲထားတာ တွေ့ရပြီး  ထိုင်းသက္ကရာဇ် ၂၅၅၈ ခုနှစ်နဲ့ ၂၅၅၉ ခုနှစ်တုန်းက  ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့ငွေတွေကို လွှဲပြောင်းလက်ခံထားတာလည်း  စစ်ဆေးတွေ့ရှိရတဲ့အတွက်   ဖမ်းဆီးရတာလို့ သတင်းမီဒီယာတွေကို ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။

နန်းမြင့်သိန်းအေးဟာ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က အဓိကအလိုရှိနေသူတဦးဖြစ်ပြီး ထိုင်းနိုင်ငံက မူးယစ်ဆေးဝါး ဂိုဏ်းကြီးတွေရဲ့ ငွေတွေကို ၁၀ နှစ်ကျော်ကြာ ငွေလွှဲပြောင်းပေးနေသူဖြစ်တယ်လို့ပြောပါတယ်။  နှစ်စဉ်လည်း ဘဏ်စာအုပ်တွေမှာ ထိုင်းဘတ်ငွေ သန်းသောင်းကျော်အပြောင်းအလဲ လုပ်နေတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။