နန်စီပွန်မှာ ရဲတပ်ဖွဲ့ က သေနတ်အောက်စိုက် ပစ်ခဲ့တာလို့ တိုင်းဥပဒေချုပ်ပြော
2017.05.22

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ နန်စီပွန်ကျောက်စိမ်းလုပ်ကွက်မှာ မေ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် လူ ၃ ယောက် သေနတ်ထိမှန်ပြီး သေဆုံးခဲ့တဲ့ ကိစ္စမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သေနတ်ကို အောက်စိုက်ပြီး သာပစ်ခဲ့တာဆိုပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှ က ဒီကနေ့ စစ်ကိုင်းတိုင်း လွှတ်တော်မှာ ပြန်လည်ဖြေ ကြားခဲ့ပါတယ်။
တိုင်းဥပဒေချုပ်က ပြန်လည်ဖြေကြားရာမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သေနတ်ကို မြေအောက်ကို စိုက်ပြီးပစ်ခဲ့ တာဖြစ်ပေမယ့် မြေနိမ့်ပိုင်းမှာရှိနေတဲ့သူတွေကို ထိခဲ့တာဖြစ်ကြောင်း ပြောခဲ့တယ်လို့ မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။
"ခေါင်းမှာတွေ ရင်ဘတ်မှာတွေ ဘာကြောင့်ထိအောင်ပစ်သလဲ၊ တကယ်လို့ ခြောက်အောင် ပစ်တယ်ဆိုရင် အောက်မှာ ခြေသလုံးအောက်မှာ ပစ်ရမယ်ဆိုတာ ကျနော်မေးလိုက်တော့ မဟုတ်ဘူးတဲ့ ပစ်လိုက်တဲ့အခါမှာ မြေအနိမ့်မှာရှိတဲ့သူကို ထိမိတယ်။ နောက်ပြီးတော့ စိုက်ပစ်တဲ့အခါမှာ မြေအနိမ့်မှာရှိတဲ့သူတွေကို ထိမိတယ်လို့ ကျနော့်ကို ဖြေခဲ့တယ်"
မေ ၁၇ ရက်နေ့က ဖြစ်ပွားတဲ့ ပဋိပက္ခဖြေရှင်းတဲ့အခါမှာ လူ ၃ ယောက်သေဆုံးတာဟာ လက်ရှိအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတာကြောင့် တိုင်းဒေသကြီး အစိုးရအနေနဲ့ နောက်နောင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းကို ဒီကနေ့ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦမောင်တေး က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ပဋိပက္ခကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း၊ ဥပဒေနဲ့အညီ ဆောင်ရွက် ခဲ့တာဖြစ်ကြောင်းနဲ့ ဒဏ်ရာရရှိထား တဲ့ ရေမဆေးသမား ၅ ယောက်ကိုလည်း ကျုးကျော်မှုနဲ့ ဆက်ပြီးအရေးယူသွား မှာဖြစ်ကြောင်းလည်း တိုင်းဥပဒေချုပ်က ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ဒီဖြေကြားချက်တွေနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှု မရှိတာကြောင့် စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်အနေနဲ့ လာမယ့် မေ ၂၄ ရက်မှာ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက် စုံစမ်းမှာဖြစ်တယ်လို့ ပြောပါတယ်။