ပုဒ်မ ၁၇(၁) နဲ့ တရားစွဲခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရုံးထုတ်
2019.05.30

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် ငွေကြေးကောက်ခံပေးတယ်ဆိုပြီး တပ်မတော်က ဖမ်းဆီး တရားစွဲဆိုထားတဲ့ ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ကျောက်မဲမြို့နယ်တရားရုံးမှာ ဒီကနေ့ရုံးထုတ်ခဲ့ပါတယ်။
ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းတင့်ချို ကို ကျောက်မဲအခြေစိုက် ခမရ ၅၀၂ က ဗိုလ်မှူး ဝေယံထွန်းက မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁နဲ့ တရားလိုလုပ်ပြီး တရားစွဲဆိုထားတာဖြစ် တယ်လို့ စွပ်စွဲခံရသူဘက်ကနေရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန့်စင်ထွန်း က ပြောပါတယ်။
စိုင်းတင့်ချို ကို ကျောက်မဲမြို့ နမ့်ဟူးတောင်းရွာက သူ့ကြက်ခြံမှာ အရပ်ဝတ်ဝတ်ထားသူတွေက ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတာလို့သားဖြစ်သူ စိုင်းဆိုင်မိန်း က ပြောပါတယ်။
နမ့်ဟူးတောင်းကျေးရွာအုပ်စုမှာ ကျေးရွာ ၅ရွာပါဝင်ပြီး စိုင်းတင့်ချိုဟာ ၂၀၁၃ ခုနစ်က စတင်ကာ အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ အုပ်ချုပ်ရေးမှူးတာဝန်ကနေ နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။
စိုင်းတင့်ချိုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေအတွက် ငွေကြေးကောက်ခံပေးနေသူဖြစ်ပြီး ဧပြီ ၂၆ရက်နေ့က နမ့်ဟူးတောင်းရွာအတွင်းမှာ ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် ကောက်ခံရရှိငွေ ၁၅ သိန်းကို စာရွက်စာတန်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က ဧပြီ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။