၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကို လူငယ်ပြုပြင်ရေးစခန်းမှာ ၂နှစ်နေဖို့ ဆုံးဖြတ်


2017.11.01
nantsan-622.jpg နမ့်ဆန်မြို့ အဝင်ဝကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့က အသက် ၁၄နှစ်အရွယ် ကျောင်းသားတစ်ဦးကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ မန္တလေးလူငယ်ပြုပြင် ထိန်းသိမ်းရေးစခန်းမှာ နေထိုင်ဖို့ နမ့်ဆန်မြို့နယ် တရားသူကြီး ဦးဇော်ဇော်ဦး က ပြောပါတယ်။

ထန်မဆိုင်းရွာသား မိုင်းအိုက်ယမ်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ဆက်သွယ်တယ်ဆိုပြီး တပ်မတော်စစ်ကြောင်းတစ်ခုဖြစ်တဲ့ ခမရ ၇၇ က ဗိုလ်မှူးမြင့်မောင်မောင်စိုးက တရားလိုလုပ်ပြီး တရားစွဲဆိုတာ ကို ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်လို့  တရားသူကြီး ဦးဇော်ဇော်ဦးက ပြောပါတယ်။

"သူ့ကို ထောင်ချလိုက်တာ မဟုတ်ဘူးဗျ၊ လူငယ်ပြုပြင်ရေးသင်တန်းကျောင်းကို ၂ နှစ်ပေ့ါနော်၊ ပုဒ်မကတော့ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ ၂ နှစ်နဲ့ ငွေဒဏ် ၁ ထောင်ချလိုက်တာဗျ၊ အဲဒီကလေးကလည်း အဲဒီမှာတပ်သားအဖြစ်နဲ့ လက်ရှိအချိန်အထိ ပါဝင်ဆောင်ရွက်နေတာ မှန်ပါတယ်ဆိုပြီးတော့ ဝန်ခံတယ်ဗျ၊ သူ့ရဲ့ပတ်ဝန်းကျင် အခြေအနေအရရော သူ့ကိုစွပ်စွဲထားတဲ့ အမှုအရ အဲဒါတွေကို ထည့်စဉ်းစားပြီးတော့ သူ့ကို အဲဒီမှာရှိတဲ့ လူငယ်ပြုပြင်ရေးသင်တန်းကျောင်းကို ၂နှစ်ပို့လိုက်တာဗျ"

မိုင်းအိုက်ယမ်းဟာ TNLA က စစ်သားစုဆောင်းတဲ့အထဲ ပါသွားခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့မှာ နမ်ဆန်မြို့အတွင်း တပ်မတော်က စစ်ဆေးချိန်မှာ TNLA စစ်ယူနီဖောင်းဝတ်ပြီး သေနတ်ကိုင်ထားတဲ့ ဓါတ်ပုံတွေ ဖုန်းအတွင်းမှာ တွေ့ရှိတာကနေ တပ်မတော်ဘက်က ဖမ်းဆီးတရားစွဲဆိုခဲ့တာလို့ မြို့နယ်တရားသူကြီးက ပြောပါတယ်။

မိုင်းအိုက်ယမ်းကို တပ်မတော်က ဖမ်းဆီးပြီးနောက် ရက်ပေါင်း နှစ်ဆယ်လောက်အထိ နမ့်ဆန်မြို့ တပ်မတော် စခန်းကုန်းမှာ ချုပ်နှောင်ထားခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာလ ၂၅ရက်နေ့မှာ နမ့်ဆန်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့ပြီး အောက်တိုဘာလ ၃၀ရက်နေ့မှာ တစ်ရက်တည်း တရားစွဲဆိုပြီး အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကလေးသူငယ်အမှုဖြစ်တဲ့အတွက် အမှုကို အမြန်ဆုံး အမိန့်ချတာဖြစ်တယ်လို့ မြို့နယ်တရားသူကြီးက ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအများဆုံးရှိတဲ့ ဒေသလည်းဖြစ်ပြီး ဒေသခံတွေဟာ မကြာခဏဆိုသလို လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုတာကို ခံရလေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။