ပုဒ်မ ၅၉ (စ) မပြင်ဖို့ အမျိုးသားရေးလှုပ်ရှားသူတွေ နေပြည်တော်မှာ ဆန္ဒပြ
2020.03.10
သမ္မတ အရည်အချင်းအကဲဖြတ်တဲ့ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီနဲ့ အမျိုးသားရေး လှုပ်ရှားသူ ၁၀၀ ကျော်က လွှတ်တော်ထဲကိုဝင်ရောက်ပြီး ဆန္ဒပြဖို့ ကြိုးစားခဲ့ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ မဲစပေးတဲ့ ဒီနေ့မှာပဲ ပုဒ်မ ၅၉ ( စ ) မပြင်ဆင်ရေးနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို ထောက်ခံကြောင်း သမတရုံးဝန်ကြီးဟောင်းနဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဖြစ်တဲ့ ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ NPD နဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ ပူးပေါင်းပြီး လွှတ်တော်မှာ ဆန္ဒပြဖို့ ကြိုးစားခဲ့ပါတယ်။
အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီက ပါတီဝင်တွေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက လွှတ်တော် ထဲကို လေ့လာသူတွေအနေနဲ့ ဝင်ရောက်ခွင့်ရဖို့ တစ်ရက်ကြိုတင်ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလိုဆန္ဒပြရာမှာ NPD ပါတီဝင်တွေနဲ့အတူ တပ်မတော်သားကိုယ်စားလှယ်တွေကို ထောက်ခံတဲ့ လှုပ်ရှားမှု မှာပါဝင်တဲ့ တစည ပါတီက ပါတီဝင်လည်းဖြစ် တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ကိုကျော်မျိုးရွှေက ပုဒ်မ ၅၉ စ မပြင်ဆင်ရေး အင်အားပြဖို့ လာရောက်တာလို့ ပြောပါတယ်။
"မဲခွဲဆုံးဖြတ်တဲ့အပေါ်မှာ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ သဘောထားကိုရော အမျိုးသားအကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်နေတဲ့ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေကိုရော၊ သူတို့တွေ အဆိုတွေ တင် သွင်းတယ်။ အဲဒီအပေါ်မှာ ထောက်ခံကြောင်း တည့်တည့်ပြောရင်ဗျာ။ လက်ရှိအာဏာရပါတီနဲ့ အာဏာရ လွှတ်တော်က ပြင်မယ်ဆိုတဲ့ ၅၉ စ ပြင်မယ်ဆိုတာကို ကျတော်တို့ လက်မခံကြောင်း၊ ပုဒ်မ ၃၆၁ ကို ပြင်မယ် ဖျက်မယ်ဆိုတာကို လက်မခံကြောင်း ဒါတွေအတွက် ကျတော်တို့ အင်အားလာပြတာပါ။"
ဆန္ဒပြဖို့ကြိုးစားသူတွေဟာ လွှတ်တော်ထဲကို ဝင်ခွင့်မရခဲ့တဲ့အတွက် လွှတ်တော်ဝင်ပေါက်ရှေ့ကပဲ လှည့်ပြန် ခဲ့ရပါတယ်။ ဒီဆန္ဒပြပွဲနဲ့ပတ်သက်လို့ ပါတီအကြီးအကဲဖြစ်သူ ဦးစိုးမောင်ကို သတင်းထောက်တွေက မေးမြန်းကြည့်ရာမှာ ဖွဲ့စည်းပုံပြင်ရေးကို ဆန္ဒစောပြီး ဇွတ်လုပ်ရင် အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးပါတယ်။
"အချိန်တန်ရင်တော့ တဖြည်းဖြည်းနဲ့ ခင်ဗျားတို့လိုချင်တဲ့ ဖက်ဒရယ်ရာခိုင်နှုန်းပြည့်အောင်တော့ သွားပါ လိမ့်မယ်။ အချိန်တော့နည်းနည်းစောင့်ပေးပါ။ဆန္ဒစောပြီး ပြင်ရင်တော့ နည်းနည်းလေးပြဿနာတွေ ရှိနိုင်တယ်ဆိုတာ အရင် လည်း ကျနော်သတိပေးထားပါတယ်။ တချို့ အသေးအမွှားလေးတွေကို ပြင်လို့ ရပါတယ်။ အရေးကြီးတဲ့အပိုင်း တွေက အချိန်စောင့်ပေးပါ။ အချိန်ကျလာလို့ရှိရင် ပြင်လို့ရပါလိမ့်မယ်။ ဇွတ်ပြင်ရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ အဲလောက်ပဲ ကျနော် ပြောချင်ပါတယ်။"
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ကတော့ ဒီလိုဆန္ဒပြတဲ့အပေါ် အလေးအနက်မထားပါဘူး။
"ကျနော်တော့ သိပ်ထိရောက်မယ် မထင်ဘူးဗျ။ ဒါက ဒါမျိုးကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်စေ၊ မပြင်ဆင်ရေးဖြစ်စေ၊ ဆန္ဒပြပြီးလုပ်လို့ရတဲ့ ကိစ္စမှမဟုတ်ဘဲ၊ တကယ်တော့ ဥပဒေနဲ့ သတ်မှတ် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက သူတို့ဟာသူတို့ သတ်မှတ်ထားတဲ့ဥပဒေကို တကယ်လေးစားမယ်ဆိုရင် ဒီလိုနည်းနဲ့ ပြင်ရေး အတွက်ကိုရော မပြင်ရေးအတွက်ကိုရော အဲလိုလုပ်လို့ရတဲ့ ကိစ္စမှမဟုတ်တာနော်။ ဘာမှ မထိရောက်ဘူး"
လာမယ့် မတ်လ ၁၂ ရက်နေ့မှာလည်း လွှတ်တော်ထဲကို လေ့လာသူအဖြစ် ဝင်ရောက်ခွင့်ရဖို့ ထပ်မံကြိုးစားမယ်မလို့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီနေ့ကစပြီး ၉ ရက်တိတိ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။