တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး တပ်မတော် ပါဝင်လက်မှတ်ထိုးမည်


2014.03.16
minaunghlaing-kachin-305.jpg ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို မတ်လ ၁၆ ရက်နေ့ က ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်
Photo: RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ မှာ တပ်မတော်က ပါဝင်လက်မှတ်ရေးထိုးသွား မှာ ဖြစ်တယ်လို့  မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်က RFA ကို ဒီနေ့ ပြော ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့အတူ ကချင်ပြည် နယ် မြစ်ကြီးနားမြို့ကို ဒီနေ့ ရောက်ရှိလာတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြည်တွင်းငြိမ်းချမ်းရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ကာကွယ်ဦးစီးချုပ် ကိုယ်စား မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က ဖြေကြားခဲ့တာပါ။

"တပ်မတော်ရဲ့ အခန်းကဏ္ဍကတော့ အပစ်အခတ်ရပ်စဲရေးအတွက်ကို ညီလာခံမှာ လက်မှတ်ရေးထိုးတဲ့အခါမှာ ပါဝင်ပြီးတော့ လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်၊ လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ တပ်တွေနေရာချထားရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းစီမံဆောင်ရွက်သွားမှာဖြစ်တယ်"

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးထားရှိတဲ့ တပ်မတော်ရဲ့ လက်ရှိသဘောထားကိုလည်း အခုလို ရှင်းပြပါတယ်။

"ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ်မှာ အမြတ်မထုတ်ဖို့အတွက် ဖြစ်ပါတယ်၊ ဒေသခံ တိုင်းရင်းသားတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ဖြစ်ပါတယ်၊ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေကို အတိအကျလိုက်နာဖို့ ဖြစ်ပါတယ်၊ ဒို့တာဝန်အရေးသုံးပါးနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရပေါ့နော် ဒါကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒီမိုကရေစီလျှောက်လှမ်းမှုမှာ အတူတကွ လိုက်ပါဆောင်ရွက်ကြဖို့ပါ၊ ဒါတွေကတော့ တပ်မတော်က မူဝါဒတွေ ချမှတ်ထားတာဖြစ်ပါတယ်"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလိုက်ပါပြီး  မြစ်ကြီးနားမြို့ကို ရောက်နေတာပါ။  ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး တိုင်းပြည်ငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထား ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။