နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


2013.09.29

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြားလိုက်ပါတယ်။

ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးရာမှာ အခုလိုပြောကြားခဲ့တာ ဖြစ်တယ်လို့ ကေအင်ယူ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။

" ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူကတော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ဟာကို သမ္မတကြီးနဲ့ ဦးဆောင်မှုအောက်ကို သစ္စာရှိစွာနဲ့ ခံယူသွားမယ်ဆိုတာကို ပြောပါတယ်၊ စစ်သားတစ်ယောက် အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောတယ်၊ တကယ့် တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တစ်ယောက်လို့ ကျွန်တော်တို့ ဒီလိုပဲမြင်ပါတယ်"

အဲဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အနေနဲ့ နောက်ကြောင်းပြန်လည့်မှာ မဟုတ်ကြောင်း အခိုင်အမာ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ ကချင်နဲ့ ရှမ်းပြည်တပ်မတော် ဌာနချုပ်တွေကို အချိန်မရွေး သိမ်းပိုက်နိုင်စွမ်းရှိပေမယ့် တိုင်းပြည်တည်ငြိမ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုပြီး သူ့အနေနဲ့ အဲဒီလိုတိုက်ခိုက်မှာ မဟုတ်ဖူးလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားတယ်လို့ သိရပါတယ်။

မနေ့က တွေ့ဆုံပွဲကြောင့် မြန်မာ့တပ်မတော်နဲ့ ကရင်လွတ်မြောက်ရေးတပ်မတော်အကြား အပစ်အခတ် ရပ်စဲမှုခိုင်မာရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတွေ ပိုမိုတည်ဆောက်နိုင်ခဲ့ကြောင်းလည်း ကေအင်ယူခေါင်းဆောင် ဗဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ဦးမန်းငြိမ်းမောင်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။