အမျိုးသားစီမံကိန်း ဥပဒေကြမ်း အပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး
2013.02.15

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေရဲ့ လက်ရှိဆွေးနွေးနေတဲ့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းအပေါ် သဘောထားမေးမြန်းချက်ကို အခုလို ပြောကြားခဲ့တာပါ။
"ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုတာ၊ ခုတော့ လွှတ်တော်ကတော့ ပြည်သူ့ဆန္ဒတွေကို လွှတ်တော်ကနေတဆင့် ဖော်ထုတ်နေတယ်လို့ထင်တယ်၊ အဲတော့ ဒီဟာပြောတဲ့ကိစ္စတွေကိုတော့ အသိအမှတ်ပြုပြီးတော့ ပြန်ပြီးတော့ ပြင်ဆင်ရမှာပေါ့၊၊ ဒါကလွှတ်တော်က ရေးတဲ့ဟာမဟုတ်တော့လည်း လွှတ်တော်ဆန္ဒလို့ ဒီလိုပြောလို့မရဘူးပေါ့၊ ပြည်သူ့ဆန္ဒက လုံးဝရောင်ပြန်မဟပ်ဘူးလို့ ပြောဖို့ဆိုတာတော့လည်း ခက်ပါတယ်၊ အတိုင်းအတာတစ်အခုထိတော့ အရောင်ပြန်ဟပ်တာလည်းရှိမှာပဲ"
၂၀၁၃-၂၀၁၄ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ သုံးရက်မြောက် နောက်ဆုံးနေ့အဖြစ် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းကို စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးက ဝင်ရောက်ဆွေးနွေးခဲ့ကြတာပါ။
ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တွေက လွှတ်တော်ကို ပြန်လည်ဆွေးနွေးတင်ပြဖို့ရှိတယ်ဆိုရင် လာမယ့်တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော် ၁၁ ရက်မြောက်နေ့မှာ ပြန်လည်ဆွေးနွေးရမှာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးတင်ပြပြီးရင် ဥပဒေကြမ်းကို အတည်ပြုဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။