နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ ညှိနှိုင်းနေ


2017.06.03

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ရဲ့ ဒေသတွေမှာ အခုလကုန်ပိုင်းလောက် ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် က ပြင်ဆင်နေပါတယ်။

ဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ အချိန်၊ နေရာတွေကို အသေးစိတ်ညှိနှိုင်းနေတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော် မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

‘’ညှိုနှိုင်းနေပါတယ်ခင်ဗျာ၊ နေရာ၊ ရက် ညှိနှိုင်းနေပါတယ် အားလုံးသဘောတူညီချက်ရရင် အမြန်ဆုံး လုပ်နိုင်အောင် စီစဉ်နေပါတယ်၊ လောလောဆယ်တော့ RCSS တို့ ရခိုင်တို့ ပြီးတော့ အရင်က ကျနော်တို့ စီစဉ်ခဲ့တဲ့ ဧရာဝတီတို့ တိုင်းနဲ့ပြည်နယ်ထဲက ဒီတတိယပင်လုံ မတိုင်ခင်မှာတော့ အတတ်နိုင်ဆုံး များများလေးလုပ်နိုင်အောင် စီစဉ်ထားတယ်ဗျ၊ အတတ်နိုင်ဆုံး အချိန်လေးယူပြီးတော့ ဒီလ နောက်ဆုံး ပတ်လောက်ဖြစ်ဖြစ်ပေါ့ဗျာ၊ မရဘူးဆိုလည်း ဇူလိုင်လပေါ့၊ ကျနော်တို့ လုပ်တယ်ဆိုရင်လည်း နှစ်ဖက် ညှိနှိုင်းရတာပေါ့ အချိန်ပေးရတာပေါ့’’

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးထားပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ထဲက ရှမ်းပြည်နယ်က RCSS/SSA နဲ့ ရခိုင်ပြည်နယ်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှစ်ဖွဲ့ပဲ ကျန်တော့တာဖြစ်ပါတယ်။

နောက်ထပ် တတိယအကြိမ်မြောက် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင်မှာ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ များများကျင်းပနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။