မြန်မာနိုင်ငံက Covid-19 တတိယလှိုင်း ဘာကြောင့် သေဆုံးထိခိုက်များနေသလဲ
2021.07.07
ကူးစက်မှုပိုမြန်ပြီး အသက်သေစေလောက်အောင် ပြင်းထန်တဲ့ ကိုဗစ်ဗီဇပြောင်း ပိုးသစ်တွေဖြစ်တဲ့ Alpha, Delta နဲ့ Kappa ပိုးသုံးမျိုးကို မြန်မာနိုင်ငံမှာ တွေ့ရှိထားတယ်လို့ ကျန်းမာရေးဌာနက ပြီးခဲ့တဲ့လတုန်းက ကြေညာခဲ့ပြီး သေဆုံးသူနဲ့ ကူးစက်သူ အရေအတွက်ဟာလည်း ပြီးခဲ့တဲ့လကစလို့ သိသိသာသာ မြင့်တက်လာ နေပါတယ်။
ဇူလိုင်လ ၆ ရက် မနေ့က တရက်တည်းတင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၆၀၂ ဦးတွေ့ရှိခဲ့ပြီး တစ်ရက် အတွင်း သေဆုံးသူ ၅၂ ယောက်ထိရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ဇွန်လကစလို့ ကိုရိုနာကပ်ရောဂါ တတိယလှိုင်းစတင်တဲ့ တစ်လတာကာလအတွင်း သေဆုံးမှု အများဆုံးနဲ့ ပိုးတွေ့မှုအများဆုံး စံချိန်တင်ခဲ့တဲ့ အရေအတွက်ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇူလိုင်လ ၆ ရက် မနေ့က တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၄၀ သေဆုံးခဲ့ပါတယ်။ ကလေးမြို့ရဲ့ ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ နာရေးအိမ်တွေရှိနေပြီး ကလေးသုသာန်မှာ မီးသင်္ဂြိုဟ်လို့ မနိုင်တော့တဲ့အခြေအနေရောက်နေတယ်လို့ ရုပ်အလောင်းတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ကာယကံမေတ္တာအသင်း ဥက္ကဋ္ဌ ကိုရဲသီဟအောင် က RFA ကို ပြောပါတယ်။
“သုသာန်အခြေအနေကတော့ မနက်ကနေ တောက်လျောက်ချရတဲ့အနေအထားမှာ မီးသင်္ဂြိုဟ်တဲ့စက်က မနိုင်တဲ့အတွက်ကို အေးတဲ့အချိန်မှာ သုံးလောင်း၊ လေးလောင်း ထပ်ပြီးသင်္ဂြိုဟ်တာရှိတယ်။ မီးအားက တ အားပြင်းတဲ့အတွက်ကို တွန်းလှည်းလေးနဲ့ အထဲမှာထည့်ပြီး လုပ်ရတာဖြစ်တဲ့အတွက် အဲမှာ တော်တော် လေးတော့ ခက်ခက်ခဲခဲနဲ့ လုပ်ရတယ်ဗျ။ အလောင်းတွေ ပုံထားပြီးမှ လုပ်ရတဲ့အနေအထားတောင်မှာ ရှိတယ်ဗျ၊ မီးသင်္ဂြိုဟ်စက်မှာ မနိုင်တော့လို့ ကျင်းတစ်ကျင်းထဲမှာ မြှုပ်ပေးလိုက်ရတဲ့ အနေအထားလည်း ရှိတယ်ဗျ။”
ကလေးမြို့မှာ မေလ ၂၄ ရက်နေ့က ကိုဗစ်တတိယလှိုင်း လူနာကို စတင်တွေ့ရှိခဲ့တာပါ။ ကလေးမှာ ပြီးခဲ့တဲ့ တစ်လအတွင်း သေဆုံးသူ ၅၀၀ ကျော်ရှိနေပြီး ကျန်းမာရေးဌာနကလည်း လုံလောက်တဲ့ဆေးကုသမှု မပေး နိုင်သလို ကိုဗစ်-၁၉ စစ်ဆေးရေးလုပ်ငန်းကိုလည်း ကောင်းကောင်းမလုပ်နိုင်တာကြောင့် ကလေးမြို့ပေါ် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းဝန်းကျင်ဟာ ပိုးကူးစက်ခံထားရတယ်လို့ ကိုရဲသီဟအောင်က ခန့်မှန်းပါတယ်။
ကလေးမြို့ ပရဟိတအသင်း ၁၉ သင်းက ကိုဗစ်-၁၉ အတွက် ကူညီရေးတွေဆောင်ရွက်နေတာဖြစ်ပြီး ကိုသီဟအောင်ဟာ လူနာသယ်ပို့ဆောင်ရေးနဲ့ သုသာန်မှာ မီးသင်္ဂြိုဟ်ဖို့ အဓိကတာဝန်ယူထားသူဖြစ်ပါတယ်။
မန္တလေးမြို့ပေါ်မှာလည်း တစ်အိမ်တည်းနေတဲ့ မိသားစုဝင်တွေ ကိုဗစ်ကြောင့် ရှေ့ဆက်နောက်ဆင့် သေဆုံး နေတာတွေရှိနေပြီး လူသေဆုံးမှုတွေဟာ နေ့စဉ်မြင့်တက်နေတယ်လို့ ပရဟိတအသင်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၄ ရက်နေ့မှာ ချမ်းအေးသာစံမြို့နယ် ၈၃-၈၄ နဲ့ ၃၃- ၃၄ လမ်းကြားက အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့သလို ဇူလိုင် ၇ ရက်နေ့မှာလည်း အဲဒီမိသားစုက နောက်ထပ် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ ပရဟိတမင်းခေါင် ကွန်ရက် ဥက္ကဋ္ဌ ဦးခင်မောင်တင့် က ပြောပါတယ်။
“တော်တော့ကို ဆိုးဝါးတယ်။ လူတိုင်းနီးနီးပဲ။ ကြောက်စရာကောင်းတာက အဆုတ်ပျက်စီးတာပေါ့။ လူတိုင်းလိုလို နေမကောင်းဖြစ်ပြီဆိုရင် အောက်ဆီဂျင် ပြုတ်ကျတာပဲ။ ဆေးရုံကြီးကလည်း အခုမနိုင် တာလေ။ မနိုင်တဲ့အခါကျတော့ တချို့ဆိုရင် စစ်တယ်။ ရောဂါပိုးတွေ့တယ်။ ဒါပေမဲ့ ဆေးရုံက မဆန့် တဲ့အခါကျတော့ ကိုယ့်အိမ်ကိုပြန်ရတယ်။ ကိုယ့်အိမ်မှာကိုယ် ပြင်ပဆရာဝန်တွေပင့်ပြီးတော့ ကုကြ တာတွေရှိတယ်။ အဲလိုကုတဲ့အခါ အပြင်မှာပဲ အောက်ဆီဂျင်ကျပြီးတော့ အပြင်မှာပဲ သေဆုံးနေကြတာ။"
မန္တလေးမြို့မှာ ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းမှာတင် တစ်လသားအရွက် ကလေးငယ်တစ်ဦး အပါအဝင် သေဆုံးသူ ၁၃ ဦးအထိရှိပြီး အားလုံးဟာ အောက်ဆီဂျင် ပြတ်လပ် သေဆုံးခဲ့တာဖြစ်တယ် ဦးခင်မောင်တင့်က ပြောသွားပါတယ်။
ကိုရိုနာဗိုင်းရပ် ပိုးတွေ့လူနာ နှစ်ထောင်ဝန်းကျင်ရှိလာနေတဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာတော့ ဒီကနေ့ တစ်ရက်ထဲမှာတင် သေဆုံးသူ ငါးဦးရှိခဲ့ပြီး၊ နှစ်ရက်အတွင်းမှာ သေဆုံးသူ ရှစ်ဦးရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်း တွေနဲ့ဖွဲ့ထားတားတဲ့ လားရှိုးမြို့ ကိုဗစ်ရောဂါထိန်းချုပ် ကုသမှုကူညီရေးအဖွဲ့ က ကိုမြင့်မော် က RFA ကို ပြောပါတယ်။
“၇ ရက် ၇ လမှာ ကျွန်တော်တို့အဖွဲ့က ချပေးတာက positive နဲ့ လေးဦးရှိပါတယ်။ ရပ်ကွက် ၅ က တစ်ဦး၊ ရပ်ကွက် ၆ က တစ်ဦး၊ ရပ်ကွက် ၇ က တစ်ဦး၊ ရပ်ကွက် ၁ က တစ်ဦး။ ညနေကို ကျွန်တော့်ကို လှမ်းချိတ်ထားတယ်။ အဲဒီအိမ်က မနေ့က positive နဲ့ တစ်ယောက်သေထားတယ်။ ဒီနေ့သေသွားတာကို ညနေ ၅ နာရီကို ချပေးဖို့ တစ်ဦးရှိတယ်။ မနေ့က positive နဲ့ ဆုံးတာက သုံးဦးရှိတယ်။ ၂ ရက်ပေါင်းကို ရှစ်ဦးရှိမယ်။ ပိုးတွေ့လူဦးရေက အခု ၅၈၀ ကျော်သွားပြီ။"
ဇွန်လ ၈ ရက်နေ့က လားရှိုးမှာ ပိုးတွေ့လူနာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ၂၀ ကျော်မှာ ကိုဗစ်ပိုးတွေ့လူနာတွေ နေ့စဉ်နီးပါးတွေ့ရှိလာခဲ့တာပါ။
ဇူလိုင်လ ၆ ရက်နေ့အထိ ရှမ်းမြောက်ဒေသ မြို့နယ် ၂၀ ကျော်မှာ ပိုးတွေ့လူနာ ၁၇၀၀ နီးပါး ရှိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အဲဒီထဲမှာ လားရှိုး၊ နောင်ချို၊ကျောက်မဲ၊ သီပေါ၊ မူဆယ်၊နမ့်ခမ်းနဲ့ ကိုးကန့်ဒေသ လောက်ကိုင်ချင်းရွှေဟော်မြို့ တွေမှာ ပိုးတွေ့လူနာအများဆုံးဖြစ်နေပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မှာ ဇူလိုင် ၅ ရက်နေ့အထိ အတည်ပြုလူနာ ၆၅၀ ဝန်းကျင်နဲ့ ချင်းရွှေဟော်မြို့မှာ ခုနှစ်ဦးရှိနေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပိုးတွေ့လူနာ အများဆုံးဖြစ်နေပါတယ်။
ဒုတိယအများဆုံး လားရှိုးမှာဆိုရင် ဇူလိုင်လ ၆ ရက်နေ့ မနေ့ကအထိ ပိုးတွေ့လူနာ ၆၀၀ နီးပါးရှိနေပြီး၊ လူနာ တွေကို လားရှိုးဆေးရုံ၊ မိုးလုံလေလုံခန်းမနဲ့ လားရှိုးပညာရေးကောလိပ် စတဲ့နေရာတွေမှာထားရှိကုသပေးနေ တာပါ။

ရောဂါပိုးကူးစက်မှုတွေ မြင့်တက်လာနေလို့ စစ်ကိုင်းတိုင်း တမူး၊ ကလေး၊ ဟုမ္မလင်း၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ တီးတိန်နဲ့ ဖလမ်း၊ ပဲခူးတိုင်းက လက်ပံတန်း၊ ဖြူး၊ သာယာဝတီ၊ မင်းလှ၊ တောင်ငူ၊ ပဲခူး၊ ပြည်၊ ဧရာဝတီတိုင်းက ပုသိမ်၊ မြောင်းမြ၊ သာပေါင်း၊ မန္တလေးတိုင်းရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ မဟာ အောင်မြေ၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ၊ ပြင်ဦးလွင်၊ နေပြည်တော်က ဇဗ္ဗူသီရိ မြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်၊ ရှမ်းပြည်နယ်က လားရှိုး၊ နောင်ချိုနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လောက်ကိုင်မြို့နယ် စတဲ့ မြို့နယ်ပေါင်း ၃၁ မြို့နယ်ကို နေအိမ်မှာပဲ နေထိုင်ကြဖို့ ကန့်သတ်ချက် stay at home သတ်မှတ်ထားပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား သေဆုံးမှု အခြေအနေနဲ့ ပတ်သက်ပြီး ကာကွယ်တာဆီး ကုသမှုအခြေအနေ သိနိုင်ဖို့အတွက် စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုး ကို RFA က ဒီကနေ့ ငါးကြိမ်တိတိ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတာကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ကျန်းမာရေး ဝန်ထမ်း ထောင်နဲ့ချီ ပါဝင်နေပြီး၊ စေတနာ့ဝန်ထမ်း ကျန်းမာရေး ကူညီနေသူတွေလည်း ခြိမ်းခြောက်ဖမ်းဆီး တာတွေ ခံနေရတာကြောင့် လက်ရှိ ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်က သိသိသာသာ ထိခိုက်ယိုယွင်းနေတယ်လို့ အချို့က ထောက်ပြဝေဖန်ကြပါတယ်။
"မျိုးရိုးဗီဇပြောင်းလို့ ကူးစက်မြန်တာကတစ်ပိုင်း။ မထိန်းမသိမ်းဘဲနဲ့ လွှတ်ထားလို့ ကူးစက်တာကတစ်ပိုင်း။"
စစ်ကောင်စီအေနေနဲ့ ဒီအခြေအနေကို မထိန်းသိမ်းနိုင်ရင် ကူးစက်သေဆုံးမှုတွေ ဒီထက်များပြားလာနိုင်ပြီး အာဏာတည်မြဲရေးထက် ပြည်သူတွေရဲ့ ကျန်းမာရေးကို မျက်နှာမူသင့်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။
“ဒီတတိယလှိုင်းက မျိုးရိုးဗီဇပြောင်းလို့ ကူးစက်မြန်တာကတစ်ပိုင်း။ မထိန်းမသိမ်းဘဲနဲ့ လွှတ်ထားလို့ ကူးစက်တာကတစ်ပိုင်း။ ဒါတွေကြောင့် အများကြီးဖြစ်နေတာ။ စစ်အာဏာသိမ်းလိုက်ခြင်းသည် ဒီလိုတွေ မထိန်းနိုင်ဖြစ်တာနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ CDM ဆရာဝန်တွေက သူတို့ကို တော်တော်များများက CDM လုပ်လို့ဆိုပြီး ၅၀၅(က)နဲ့ တရားစွဲခံနေရတယ်။ သူတို့ကူညီချင်ပေမယ့်လည်း သူတို့ထွက်လာလို့ မရဘူး။"
ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေအနေနဲ့ စစ်ကောင်စီ က ထုတ်ပြန်ထားတဲ့ အမိန့်တချို့ကြောင့် ကိုဗစ်လူနာတွေကို ကူညီတဲ့နေရာမှာ အကန့်အသတ်တွေရှိနေ ပါတယ်။
ဥပမာအားဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ချက်ကြောင့် ညပိုင်းမှာ အရေးပေါ်ကူညီဖို့လိုအပ်နေတဲ့ လူနာတွေ ဆီကို သွာလာလို့မရတာကြောင့် အသက်ဆုံးရှုံးရတာတွေလည်းရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားတဲ့ ၂၀၂၀ မတ်လကစပြီး ၂၀၂၁ ဇူလိုင်လ ၆ ရက် မနေ့ကအထိ တစ်နှစ်ကျော်အတွင်း ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၇၁၉၇၆ ဦးရှိနေပြီး၊ ကိုဗစ်ကြောင့် သေဆုံးခဲ့သူ စုစု ပေါင်း ၃၅၁၃ ဦး ရှိသွားပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါဌာန ညွှန်ကြားရေးမှုး ဒေါက်တာ ခင်ခင်ကြီး ကတော့ လက်ရှိ အချိန်မှာ ကိုဗစ်ပိုးတွေ့လူနာ များလာသလို စစ်ဆေးနိုင်မှုကလည်း များလာပြီ၊ အများစု သေဆုံးသူတွေဟာ အသက် ၆၁ ကနေ ၇၅ အရွယ်တွေဖြစ်ပြီး ၃၇.၆% ရှိတယ်၊ အသက် ၄၅-၆၀ အုပ်စုကလည်း သေနှုန်း မတိမ်းမယိမ်းနဲ့ ၃၄.၅% ရှိနေတာကို တွေ့ရတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီကနေ့ မနက်ပိုင်းက ရေးထားပါတယ်။
ကာကွယ်ဆေးတွေ ဒီလဒုတိယပတ်ကုန်လောက် တစ်သန်းရောက်ဖို့ရှိပါတယ်၊ ဒီလထဲမှာပဲ နောက်တစ်သန်း ထပ်ရောက်မှာမို့ ထိုးသင့်သူကို ထိုးပေးမယ်၊ ရောဂါက သာမန်ရောဂါမဟုတ်ဘဲ ဒီတော့ကာ တတ်ယောင်ကား နဲ့ ကုသင့်တဲ့ရောဂါလား ကျွမ်းကျင်သူတွေလက်အပ်နှံပြီး ကုသင့်တာလားဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်တယ် ဆိုပြီး ပြည်သူကို ခပ်မာမာ သတိပေးထားတာတွေ့ရပါတယ်။