စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေ နိုင်ငံအဝှမ်းဖြစ်ပေါ်လာ
2021.02.10
လူမစုရ အမိန့်တွေ ထုတ်ပြန်ထားပေမယ့် အာဏာသိမ်းအစိုးရ အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုတွေ ပိုမိုကျယ်ပြန့်လာပြီး မြန်မာနိုင်ငံအနှံ့က မြို့အတော်များများမှာ ဒီနေ့ဆက်ရှိနေပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း အရင်နေ့တွေကထက် ပိုမိုပူးပေါင်း ပါဝင်လာတာကို တွေ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၁၀ ရက်မြောက် ဒီနေ့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှုတွေ ပိုမို ကျယ်ပြန့်လာပါတယ်။ တချို့နေရာတွေက ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်တချို့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာပါတယ်။
ရန်ကုန်မြို့မှာတော့ ရန်ကုန်မြို့တော်ခန်းမရှေ့နဲ့ ကမာရွတ်မြို့နယ်က လှည်းတန်းလမ်းဆုံတွေမှာ ဆန္ဒပြသူတွေ သိန်းချီရှိနေပြီး သံဃာတော် တချို့လည်း ပူးပေါင်းပါဝင်လာပါတယ်။ အရင်ရက်တွေက လှည်းတန်းလမ်းဆုံက တက္ကသိုလ်ရိပ်သာလမ်းကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားပေမယ့် ဒီနေ့မှာတော့ အဲဒီနေရာမှာ ပိတ်ဆို့ထားတာ မရှိတော့ပါဘူး။
အဲဒါကြောင့် ဆန္ဒပြသူတွေဟာ လှည်းတန်းလမ်းဆုံနဲ့ အနီးတစ်ဝိုက်မှာ လှည့်ပတ် သွားလာနေကြပါတယ်။ အဲဒီနေရာမှာ ကျောင်းသူ၊ ကျောင်းသားတွေ၊ အရပ်သားတွေနဲ့ အတူ ဆရာတော်၊ သံဃာတော်တွေလည်း ပူးပေါင်းပါဝင်လာပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့မှာတော့ အရင်ရက်တွေအတိုင်းပဲ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဆက်လက် ပိတ်ဆို့ထားဆဲဖြစ်ပြီး အဲဒီအနီးပတ်ဝန်းကျင်မှာ ဆန္ဒပြသူ သိန်းချီရှိနေပါတယ်။
အလားတူ စစ်အစိုးရဆန့်ကျင် ဆန္ဒပြသူတွေဟာ ဒီနေ့မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ သံရုံးတွေရှေ့မှာ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒပြနေတာကို တွေ့ရပါတယ်။
မြေနီကုန်းလမ်းဆုံမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ၊ ကျောင်းသားလူငယ်တွေ၊ စားဖိုမှူးတွေ၊ ကာယဗလ လေ့ကျင့်ပေးသူတွေ၊ ပြည်သူတွေနဲ့ CDM လှုပ်ရှားသူ မြန်မာ့မီးရထားဝန်ထမ်းတွေ ဆန္ဒပြခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အသီးသီးမှာလည်း လူစည်ကားရာ နေရာတွေ၊ လမ်းတွေထိပ်မှာ ဒေသခံတွေဟာ အသီးသီးဆန္ဒပြတာတွေ ဆက်ရှိနေပါတယ်။
မန္တလေးမြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေ သိန်းချီဆက်ရှိနေပါတယ်။ ဆန္ဒပြသူတွေဟာ သီးခြားစီ အဖွဲ့တွေများစွာခွဲပြီး လမ်းမကြီးတွေအပြင် အတွင်းလမ်းတွေထဲ အထိပါ ဝင်ရောက်ဆန္ဒပြခဲ့ပါတယ်။ ဒီနေ့ဆန္ဒပြပွဲတွေမှာ ဆရာတော်၊ သံဃာတော်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်သားတွေ၊ ရှေ့နေတွေ၊ လူရွှင်တော်အဖွဲ့တွေလည်း ပူးပေါင်းပါဝင်တာကို တွေ့ရပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မနေ့က ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ၇၃ လမ်းနဲ့ ၈၃ လမ်းမှာတော့ ရဲတပ်ဖွဲ့က ဒီနေ့လည်း ပိတ်ဆို့ထားပါတယ်။ အဲဒီနေရာကိုတော့ ဆန္ဒပြသူတွေက ဒီနေ့ သွားရောက်ခဲ့တာမရှိပါဘူး။
မန္တလေးမြို့မှာ မနေ့က ဆန္ဒပြခဲ့သူ ၈၀ ကျော်ဖမ်းဆီးခံရပြီး တပ်ရင်း ၁၁၉ မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီဖမ်းဆီးခံရသူတွေကို ဒီနေ့မှာတော့ ဆန္ဒပြပွဲတွေမှာ ဆက်လက်မပါဝင်တော့ကြောင်း ကိုယ်ပိုင် ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ သောင်းပေါင်းများစွာ ရှိခဲ့ပြီး အဲဒီထဲမှာ ရဲတပ်ဖွဲ့ဝင်အယောက် ၄၀ ကျော်လောက်က ဒီနေ့ ပူးပေါင်းဆန္ဒပြကြပါတယ်။ ဆန္ဒပြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ညနေပိုင်းမှာ လိုက်လံဖမ်းဆီးနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ကယားပြည်နယ်က တခြားမြို့နယ်တွေမှာလည်း အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ရှိနေပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း ဒေသခံတွေ၊ ကျန်းမာရေးဝန်ထမ်း၊ တရားရေးဝန်ထမ်းတွေ၊ လျှပ်စစ် ဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ တခြားဌာနတွေက ဝန်ထမ်းတချို့လည်း ပူးပေါင်းပါဝင်ကြပြီး ဆန္ဒပြသူ သောင်းချီရှိခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေက ဒီနေ့ ဆန္ဒပြပွဲမှာ မပါဝင်ဘဲ မနက်ဖြန်မှာ ကျောင်းသူ၊ ကျောင်းသား ပြန်ထွက်ဆန္ဒပြမယ်လို့ ပြောကြပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပါဝင်လာတာကို တွေ့ရပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့မှာလည်း စစ်အာဏာသိမ်းမှုကို ဆန္ဒပြသူတွေ လူဦးရေ သောင်းပေါင်းများစွာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကရင်ပြည်နယ်မှာရှိတဲ့ အနုပညာရှင်တွေ၊ ပညာရေးဌာန၊ ကျန်းမာရေး၊ အလုပ်သမားအဖွဲ့တွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဒီနေ့ ဆက်လုပ်ခဲ့ရာမှာ အစိုးရဝန်ထမ်းတွေ အတော်များများ ပူးပေါင်းပါဝင်လာပြီး ဒေသခံတွေအပါအဝင် ဆန္ဒပြသူ သိန်းချီ ရှိခဲ့ပါတယ်။ ဒီနေ့ ဆန္ဒပြပွဲမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ ကျောင်းဆရာမတွေ၊ သူနာပြုတွေ၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစတဲ့ အစိုးရဝန်ထမ်းတွေနဲ့ ထားဝယ်ခရိုင်းအတွင်းက ပြည်သူတွေ ပူးပေါင်းခဲ့ပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီနေ့ဆက်လုပ်ခဲ့ပြီး လူဦးရေသိန်းချီ ရှိခဲ့ပါတယ်။ တစ်နေရာထဲမှာ စုဝေးဆန္ဒပြတာမျိုး မဟုတ်ဘဲ စစ်ကြောင်း လေးကြောင်းခွဲပြီး တခြားမြို့တွေမှာလို့ အဖွဲ့တွေခွဲပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ပုသိမ်မြို့က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က တားဆီးတာတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ လမ်းတွေကို ဖွင့်ပေးခဲ့ပါတယ်။ ပုသိမ်မြို့က တပ်မတော် ထောက်ခံသူ တစ်ထောင်ခန့်ကလည်း တန်ပြန်ဆန္ဒပြပွဲအနေနဲ့ အာဏာသိမ်းတာကို ထောက်ခံကြောင်း မြို့တွင်းလှည့်လည်ဆန္ဒပြခဲ့ပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာတော့ ဖေဖော်ဝါရီ ၉ ရက်နေ့ မနေ့က နေ့လယ်ပိုင်းက အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံထားရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မမိုင်ခင်ရတနာမျိုးလှိုင်က RFA ကိုပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မရတနာအောင်၊ ဒေါ်ပုမ၊ ဦးအောင်ငြိမ်း၊ မောင်သက်ဝေဦး၊ မစိုးကလျှာထွန်း၊ ဒေါ်ပုပုတို့ဖြစ်ပါတယ်။
ဆန္ဒပြလို့အပြီးမှာ ရဲက ဖမ်းဆီးသွားတာဖြစ်ပြီး အခုလက်ရှိ တခြားပူပေါင်းပါဝင်သူတွေပါ ရဲက လိုက်လံ ရှာဖွေနေတာကြောင့် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။
ဒီနေ့မှာတော့ အမ်းမှာ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လက်ရှိအချိန်အထိ မရှိသေးပါဘူး။
ဆန္ဒပြသူတွေကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ အမ်းမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ရခိုင်ပြည်နယ်ကလွဲပြီး နေပြည်တော် ၈ မြို့နယ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေက မြို့အများစုမှာ ည ၈ နာရီ ကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသလို လူငါးဦးထက် ပိုမိုစုဝေးတာ မလုပ်ဖို့၊ ယာဉ်တစ်မျိုးမျိုးသုံးပြီးဖြစ်စေ စီတန်းလှည့်လည် လှုံ့ဆော်ဆန္ဒပြတာတွေ မလုပ်ဖို့ အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့မှာ စစ်အစိုးရက တားမြစ်ကန့်သတ်လိုက်ပါတယ်။ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၅ မြို့နယ်ထဲက ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့ ၄၄ မြို့နယ်မှာလဲ အလားတူ ကန့်သတ်ထားတာပါ။ အဲဒီလို ကန့်သတ်ထားပေမယ့် ရန်ကုန်မြို့က တချို့နေရာတွေမှာ မနေ့ကည ၈ နာရီက လမ်းထိပ်ထွက်ပြီး ဖယောင်းတိုင်ကိုင် သံပုံးတီးပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်လုပ်နေပါတယ်။