အကျဉ်းသား နှစ်သောင်းကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်ပေး

ရဲစည်သူကာ(ဝါရှင်တန်ဒီစီ)
2021.02.12

ဒီနေ့ ပြည်ထောင်စုနေ့မှာ နိုင်ငံတဝှမ်းလုံးက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား နှစ်သောင်းကျော်ကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဒီနေ့ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တဲ့ထဲမှာ ရခိုင်တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ရခိုင်အမျိုးသား ဒေါက်တာအေးမောင် ပါဝင်လာပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေ ပါဝင်လာတာ မရှိသေးပါဘူး။ အကျဉ်းသားတွေ ပြန်လွှတ်ပေးနေတယ်ဆိုပေမယ့် စစ်အာဏာသိမ်းတဲ့ နေ့ကစလို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် အဖမ်းအဆီးခံနေရတဲ့သူတွေ အများအပြားရှိနေပြီး၊ ဖမ်းဆီးမှုတွေက နေ့စဉ်ရှိနေတာပါ။

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုတွေနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရတဲ့ ရခိုင် နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ အင်းစိန်အကျဉ်းထောင်မှာ နှစ်နှစ်နီးပါးကြာ ထိန်းသိမ်းခံရပြီးနောက် အာဏာသိမ်း စစ်အစိုးရရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ဒီနေ့ ပြန်လွတ်လာပါတယ်။

သူတို့နှစ်ဦး ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဒီနေ့နေ့လယ် ၁၁ နာရီဝန်းကျင်မှာ အင်းစိန်းအကျဉ်းထောင်ကနေ လွတ်မြောက်လာတာလို့ သူတို့နှစ်ဦးနဲ့ အတူရှိနေတဲ့ ဒေါက်တာ အောင်နိုင်လင်းက ပြောပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်ကျင်းပတဲ့ ဟောပြောပွဲမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်တာတွေ ထည့်သွင်း ဟောပြောခဲ့တယ်ဆိုပြီး ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခဲ့တာပါ။

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၉ မတ် ၁၉ ရက်နေ့က ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တာဖြစ်ပြီး အကျဉ်းထောင် အတွင်းမှာ နှစ်နှစ်နီးပါးနေခဲ့ရတာပါ။

ဒေါက်တာအေးမောင် ပြန်လည်လွတ်မြောက်လာပေမယ့် ၂၀၁၉ ခုနှစ် ဧပြီလ သင်္ကြန်ကာလအတွင်း သံချပ်ထိုးဖျော်ဖြေရာမှာ တပ်မတော် ဂုဏ်သိက္ခာထိခိုက်တယ်ဆိုပြီး ဖမ်းဆီးခံရကာ ထောင်ဒဏ် ခြောက်နှစ် ဝန်းကျင်စီ ကျခံနေရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကျောင်းသား ခေါင်းဆောင်တွေကတော့ ဖမ်းဆီးခံထားရတာ နှစ်နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပေမယ့် လွတ်ငြိမ်းသက်သာခွင့်မရခဲ့ပါဘူး။

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်ကနေ ဒီနေ့မနက်မှာ အကျဉ်းသား ၂၃၂ ဦး လွတ်မြောက်လာခဲ့ပြီး ရခိုင်တစ်ပြည်နယ်လုံးမှာတော့ အကျည်းသား ၆၄၀ ကျော်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုနေ့ ဒီနေ့မှာ တစ်နိုင်ငံလုံးက အကျဉ်းသား ၂၃၃၁၄ ဦးကို လွှတ်ပေးမယ်လို့ ကြေညာခဲ့တာပါ။

မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လွတ်လာသူ အများစုမှာ မူးယစ်ဆေးဝါးအမှုနဲ့ ကျခံခဲ့ရသူတွေ အများစုဖြစ်ကြပြီး လူဦးရေ ဘယ်လောက် လွတ်လာတယ်ဆိုတာကိုတော့ အကျဉ်းထောင် တာဝန်ရှိသူတွေက မပြောကြပါဘူး။

မူးယစ်ဆေးဝါးအမှုနဲ့ ထောင် ငါးနှစ် ကျခံခဲ့ရတဲ့ မလုလုပန်က ပြန်လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး RFA ကို ပြောပါတယ်။

လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့ထဲမှာ မန္တလေးမြို့ အိုဘိုအကျဉ်းထောင်ကလည်း အကျဉ်းသား တစ်ထောင်ကျော် လွတ်မြောက်လာပါတယ်။ ပြန်လွတ်လာသူတွေကို အကျဉ်းဦးစီးဌာနက အစီအစဉ်နဲ့ နေအိမ်တွေအထိ လိုက်ပို့ဖို့ စီစဉ်ထားတယ်လို့ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေက ပြောပါတယ်။ ဒီနေ့မှာတော့ အိုးဘို အကျဉ်းထောင် အဝင်လမ်းတွေကို ပိတ်ထားပါတယ်။ အဲဒီပိတ်ထားတဲ့နေရာမှာ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက လာရောက် စောင့်ကြိုနေတာကိုလည်းတွေ့ရပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့ အကျဉ်းထောင်ကလည်း အကျဉ်းသားတွေ ဒီနေ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် နှစ်ရှည်ကျခံနေရသူ တချို့လည်း ပါဝင်လာပါတယ်။

ဘယ်နှစ်ဦး ပြန်လွတ်လာတယ်ဆိုတာကို ပုသိမ်အကျဉ်းထောင် တာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီနေ့ ပြန်လွှတ်တဲ့အထဲမှာ နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၅၅ ဦးကိုလည်း ပုဒ်မ ၄၀၁ (ခ) ခြွင်းချက်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ သေဒဏ်နဲ့ နှစ်ကြီးသမားတွေကို လျှော့ပေါ့ပြစ်ဒဏ်ကျခံစေတာဖြစ်ပါတယ်။

စစ်အစိုးရက လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါ၊ မပါ ဆိုတာနဲ့၊ ပြန်လွှတ်ပေး လိုက်တဲ့ အကျဉ်းသားတွေဟာ ဘယ်လိုလူတွေဆိုတာကိုတော့ သေချာဖော်ပြထားတာ မရှိပါဘူး။

ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲမှာ ရန်ကုန်လေဆိပ်မှာ ဦးကိုနီကို လုပ်ကြံခဲ့တဲ့ တရားခံကြည်လင်းကို ဝန်းရံခဲ့သူတွေလည်း ပါဝင်လာခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့သူတွေအနေနဲ့ ပြည်သူတွေအကျိုးရှိစေမယ့် ပြည်သူ့ဆန္ဒကိုအလေးထားပြီး ပြည်သူနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ကြဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်မျိုးကျော်က တိုက်တွန်းပါတယ်။

"အဓိကတော့ နိုင်ငံတကာကို အကျဉ်းသားတွေ လွှတ်တယ်ဆိုတာကို ပြချင်တာလည်း ပါသလို စိုးရိမ် သောကတွေများပြီး ပြည်သူတွေကို အပြင်မထွက်ရဲအောင် တစ်ဖက်လှည့်နဲ့ ဆိုက်ဝါး (သတင်းမှား) ပုံစံမျိုးနဲ့ လွှတ်တယ်လို့လည်း မြင်ပါတယ်။ လက်ရှိလွတ်လာတဲ့သူတွေအနေနဲ့ ပြည်သူတွေလိုလားနေတဲ့ ပြည်သူ့ဆန္ဒတွေပြည့်ဝဖို့ လက်ရှိတိုက်ပွဲဝင်နေတဲ့ နေရာဌာန အသီးသီးမှာ ပြည်သူနဲ့အတူ ပူးပေါင်းပြီး ဝင်ရောက်တိုက်ပွဲဝင်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။"

အာဏာသိမ်း စစ်အစိုးရက အကျဉ်သားတွေကို ပြန်လွှတ်ပေးနေပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဒီရက်ပိုင်းအတွင်း ဖမ်းဆီးတာတွေ နေ့တိုင်းနီးပါးရှိနေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့နေ့ကစလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ထိ လူထုအာဏာ ဖီဆန်ရေးလူပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ပြည်သူတွေအပါအဝင် ဆန္ဒပြသူအချို့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၆၂ ဦး ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

သက်နိုင်
2021-02-12 06:26

အမျိုးသားရေးဝါဒီတွေ ပါလာမယ်ဆိုတာ သိပြီးသားပါ။ ပြီးရင် သူတို့ကို တစ်နည်းနည်းနဲ့သိမ်းသွင်းပြီး NLDကိုagainst လုပ်ခိုင်းမယ်။ တကယ်တမ်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို စနစ်တကျဖြိုခွဲနေတာ စစ်တပ်သာဖြစ်တယ်။