စစ်အာဏာရှင်ကို ဆန္ဒပြသူတွေ နေ့စဉ် သိန်းနဲ့ချီရှိနေ
2021.02.13
စစ်အာဏာသိမ်းပြီး ၁၃ ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့အထိ ဆန္ဒပြပွဲတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည် တော်လို မြို့ကြီးတွေ အပါအဝင် တစ်နိုင်ငံလုံးမှာ အရှိန်မြင့်နေဆဲပါ။ ဒီအထဲက ကယားပြည်နယ်မှာတော့ ဆန္ဒပြသူတွေထဲ ရဲတပ်ဖွဲ့ဝင်တွေ ထပ်မံပူးပေါင်းလာကြပါတယ်။
ဆန္ဒပြပွဲတွေကို အရင်ရက်တွေမှာ အကြမ်းဖက်ဖြိုခွဲတာတွေရှိပေမဲ့ မြို့ကြီးတွေ အပါအဝင် နိုင်ငံအနှံ့မှာ ဆက်ပြီးဆန္ဒပြနေကြပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် မနေ့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျောင်းသား သပိတ် စစ်ကြောင်းကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် လူစုခွဲ ဖမ်းဆီးခဲ့တာတွေရှိခဲ့ပေမဲ့လည်း ဒီကနေ့ ဆက်ပြီးဆန္ဒပြနေကြပါတယ်။
အလားတူ နေပြည်တော်၊ မန္တလေးနဲ့ မကွေးမြို့တွေမှာလည်း ဖေဖော်ဝါရီ ၉ ရက်နေ့က အကြမ်းဖက် လူစုခွဲခဲ့ပေမဲ့ ဆန္ဒပြသူတွေ နောက်ဆုတ်မသွားဘဲ နေ့စဉ် သိန်းနဲ့ချီပြီး ဆက်လက်ဆန္ဒပြနေကြပါတယ်။
ဒီဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က ဆက်ပြီး ဖြိုခွဲမယ်ဆိုရင်လည်း လိုချင်တဲ့အခြေအနေအထိရအောင် ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ဒီကနေ့ မော်လမြိုင်မြို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသားဟောင်းတစ်ဦးက ပြောပါတယ်။
နေပြည်တော်နဲ့ ပျဉ်းမနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ စုရပ်အဖြစ် အလွှာအသီးသီးတို့က ဆန္ဒပြသူတွေလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
နေပြည်တော်မှာ ဒီကနေ့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ရန်ကုန် ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦးက လက်ရှိ စစ်အာဏာရှင်စနစ်ကို မလိုချင်ဘဲ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့က နိုင်ငံတကာကသံရုံးတွေရှေ့မှာလည်း လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူတွေက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ နေ့စဉ်ဆန္ဒပြနေတာကိုသိစေဖို့ ဒီကနေ့မှာလည်း သံရုံးအသီးသီးတွေရဲ့ရှေ့မှာ သွားရောက် ဆန္ဒပြနေကြပါတယ်။
စစ်အာဏာရှင် လက်အောက်မှာကျရောက်နေတာကို မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ကူညီပေးစေချင်လို့ စင်္ကာပူသံရုံးရှေ့မှာ အခုလို ဆန္ဒလာပြတာပါလို့ ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးက ပြောပါ တယ်။
ရုရှားသံရုံးရှေ့မှာ သွားရောက်ဆန္ဒပြနေတဲ့ ကျောင်းသားတစ်ဦးကလည်း စစ်အာဏာရှင်လက်အောက်မှာ သူတို့ရဲ့ အနာဂတ်ပညာရေးတွေအတွက် စိုးရိမ်လို့ အခုလို ဆန္ဒပြတာလို့ ပြောပါတယ်။
ကယားပြည်နယ်ထဲမှာ ရဲတပ်ဖွဲ့ဝင် ၂၄ဝ ရှိတဲ့အထဲက ၅၂ ဦးဟာ ဖေဖော်ဝါရီ ၁ဝ ရက်နေ့ လွိုင်ကော်မြို့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ဆန္ဒပြလူထုနဲ့ ပူးပေါင်းခဲ့သလို ဒီကနေ့မှာလည်း နောက်ထပ် ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦး ထပ်မံ ပူးပေါင်းလာပါတယ်။
လက်ရှိကယားပြည်နယ်ထဲက ရဲတပ်ဖွဲ့ဝင်အယောက် ၆ဝ ကျော်တို့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှု လုပ်နေတယ်လို့ ပြောပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မနက်မှာ လူထုရှေ့ထွက် ဆန္ဒပြခဲ့ပြီး လုံခြုံရေးအရ ပြန်သွားခဲ့ကြပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တာမို့ ဆန္ဒပြသူတွေဟာ မိနစ်အနည်းငယ်ခန့်စီ ငြိမ်သက်စွာနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။