ကျောင်းသားထု အစည်းအဝေး ဖြစ်မြောက်စေရ မယ်လို့ ဗကသခေါင်းဆောင်ပြော


2014.11.06

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) နဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) တို့ ပူးပေါင်းကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို သက်ဆိုင်ရာအာဏာပိုင်တွေက တားဆီးပိတ်ပင်နေပေမယ့် မဖြစ်ဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ ဗကသများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။

ပညာရေးဥပဒေနဲ့ ပညာရေးစနစ်ကိုဆွေးနွေးမယ့် ကျောင်းသားတွေရဲ့ အရေးပေါ်အစည်းအဝေးကို ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်းမှာ လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတာကို အာဆီယံ ထိပ်သီးညီလာခံ ကျင်းပမယ့်ရက်တွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် ခွင့်မပြုနိုင်ဘူးဆိုပြီး သက်ဆိုင်ရာအာဏာပိုင်တွေ က တားမြစ်နေတာလို့ သိရပါတယ်။

ဒါပေမယ့် ကျောင်းသားတွေကတော့ ဖြစ်အောင်ကျင်းပဖို့ ဆုံးဖြတ်ထားတယ်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက RFA ကိုပြောပါတယ်။

"ကျနော်တို့က ကျောင်းသားထုရဲ့ သွေးစည်းညီညွှတ်မှုကို ပြသတဲ့အနေအထားနဲ့ ဖြစ်အောင်လုပ်မှာဖြစ်တဲ့အတွက် ကျနော်တို့ ကျောင်းသားထုညီညွှတ်ဖို့ အရေးကြီးဆုံးပဲ၊ အာဏာပိုင်တွေက ဘယ်လောက်ဖိအားပေးပေး ကျနော်တို့အနေနဲ့ အာဏာပိုင်တွေဟာ စိုးရိမ်စရာမရှိဘူး၊ ရှိတယ်ဆိုတာ သူတို့ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်တယ်၊ ကျနော်တု့ိဖက်ကတော့ အားလုံးအေးအေးဆေးဆေးဖြစ်သွားအောင် ကြိုးစားပြီးအားထုတ်သွားမယ်၊ ကြိုတင်ညှိနှိုင်းပြီး ခွင့်ပြုချက်တောင်းတာတို့ လုပ်မှာမဟုတ်ဘူး"

လွှတ်တော်ကပြဌာန်းပြီး အစိုးရကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ ဒီမိုကရေစီပညာရေး ကို ဖော်ဆောင်မယ့်ဥပဒေမဟုတ်ပဲ၊ အရင်စနစ်ဟောင်းအတိုင်း ဗဟိုချုပ်ကိုင်မှုတွေများနေတယ်လို့ ပညာရှင်တွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသားတွေက ထောက်ပြဝေဖန်ထားပါတယ်။ ဒီအတွက် လက်ရှိပညာရေးလောက အခက်အခဲ၊ ပညာရေးစနစ်နဲ့ ပညာရေးဥပဒေကို ဝိုင်းဝန်းဆွေးနွေးကြဖို့ အခုလို အရေးပေါ်အစည်းအဝေးခေါ်တာလို့ ဆိုပါတယ်။

တကသနဲ့ ဗကသပူးပေါင်းကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။