နတ်မောက် ဈေးမီးလောင်မှု ဆိုင်ခန်းပေါင်း ၂၄၀ ကျော် ဆုံးရှုံး

မကွေးတိုင်း နတ်မောက်မြို့က မြို့မဈေးကြီး မီးလောင်မှုကြောင့် ဈေးအတွင်းက ဆိုင်ခန်းပေါင်း ၂၄၂ ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ နတ်မောက်မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
နိုဝင်ဘာလ ၁၃ ရက်မနေ့ ည ၉ နာရီခွဲလောက်မှာ မီးစလောင်ခဲ့တာဖြစ်ပြီး အပြင်တန်းတွေဘက်က မီးလောင်တာမျိုး မဟုတ်ဘဲ ဈေးအတွင်းခန်းဆိုင်းခန်းတွေကနေ မီးစလောင်ခဲ့တာလို့ မီးငြိမ်းသတ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဈေးအရှေ့ပေါက် မြို့မဈေးဆိုတဲ့ ဆိုင်းဘုတ်အောက်ကနေ ဝင်ဝင်ချင်း ဘယ်ဘက်ဆိုင်ခန်းတွေဘက် ကနေ စလောင်တာ၊ မီးသတ်ကားတွေလည်း မနိုင်ဘူး။ ဈေးသူ၊ ဈေးသားတွေ ညကသူတို့ ပစ္စည်းတွေ လာသယ်ကြတော့ အတွင်းဆိုင်ခန်းကလူတွေက ပြန်မရတာများတယ်”
နတ်မောက်မြို့မှာ ညမထွက်ရအမိန့်ကို ည ၈ နာရီသတ်မှတ်ထားပြီး လူခြေတိတ်ချိန်မှာ ဖြစ်သွားတာကြောင့် အခုမီးလောင်တာဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘဲ ရည်ရည်ရွယ်ချက်ရှိရှိ မီးရှို့ခံရတာမျိုး ဖြစ် နိုင်တယ်လို့ သူက ဆိုပါတယ်။
မြို့မဈေးမီးလောင်ချိန်ဟာ ဈေးပိတ်ထားတဲ့ ညခင်းဖြစ်သလို ဈေးအတွင်း မီးအသုံးပြုမှုကိုလည်း တားမြစ်တဲ့ စည်းကမ်းချက်တွေလည်း ထုတ်ထားတယ်လို့ ဈေးသူ၊ ဈေးသားတွေက ပြောပါတယ်။
နတ်မောက်မြို့မဈေး မီးလောင်မှုကို နတ်မောက်မြို့က မီးသတ်ယာဉ်တွေအပြင် မကွေး၊ တောင်တွင်းကြီး၊ မြို့သစ်နဲ့ ရွာမွန်နယ်မြေ မီးသတ်စခန်းက မီးသတ်ယာဉ်တွေပါ လာရောက်ငြှိမ်းသတ်သတ်ခဲ့ပြီး ည ၁၁ နာရီ ၄၅ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
နတ်မောက်မြို့ မြို့မဈေးရဲ့ ပင်မဈေးဟာ ဆိုင်ခန်းပေါင်း ၆၀၀ ကျော်ရှိပြီး ပျံကျဈေးဆိုင်ခန်းတွေနဲ့ဆိုရင် ဆိုင်ခန်းပေါင်း တစ်ထောင်နီးပါးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။