နွားထိုးကြီးမှာ နေအိမ် ၆၃ လုံး မီးရှို့ခံရပြီး လူနှစ်ဦး သေဆုံး

RFA Burmese
2024.06.11
နွားထိုးကြီးမှာ နေအိမ် ၆၃ လုံး မီးရှို့ခံရပြီး လူနှစ်ဦး သေဆုံး မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အဝင် တစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကုကုန်းရွာကို ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စီးနင်းမီးရှို့ခဲ့လို့ နေအိမ် ၆၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုကုန်းရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ကြာကန်ရွာအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ တိုက်ပွဲဖြစ်ပြီးနောက် ကုကုန်းရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

ဒီစီးနင်းမှုအတွင်း နေအိမ်တွေ မီးရှို့ခံရပြီး အသက် ၇၀ အရွယ် ဦးဘိုမွှေးနဲ့ ဒေါ်ရွှေကြည်တို့ မီးလောင်သေဆုံးခဲ့တယ်လို့ ကုကုန်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာက အိမ် ၆၃ အိမ် မီးရှို့ခံရတာ။ အသက် ၇၀ အရွယ်တွေလောက် အဘိုးကြီးတစ်ယောက်နဲ့ အဘွားကြီးတစ်ယောက် မီးကျွမ်းသွားတာလေ။ သူတို့က ပွေ့ထုတ်မှ ထွက်နိုင်မယ့် အရွယ်တွေဆိုတော့လေ သူတို့ကို ဘာမှမလုပ်လောက်ပါဘူးလေဆိုပြီး နေခဲ့တာ။ ရွာကို မီးရှို့တဲ့အခါကျတော့ ရွာသူရွာသားတွေကလည်း ဝင်မကယ်ယ်နိုင်ကြတော့ဘူး"

အိမ်ခြေ သုံးရာကျော်ရှိတဲ့ ကုကုန်းရွာက အရပ်သားတစ်ထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ဇွန်လ ၉ ရက်ကလည်း ကုကုန်းရွာနဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ဆူးဖြူကုန်းရွာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

မီးလောင်မှုအခြေအနေတွေကို မှတ်တမ်းပြုစုနေတဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။