နွားထိုးကြီး လက်ဝဲမြင်းနီရွာ မီးရှို့ခံရပြီး လူခြောက်ဦးသေဆုံးကာ အိမ်ငါးရာခန့် ပျက်စီး
2024.07.12

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာဟာ ဇူလိုင်လ ၁၀ ရက်မှာ မီးရှို့ခံရပြီး မပြေးနိုင်လို့ကျန်ခဲ့တဲ့ သက်ကြီးရွယ်အို ခြောက်ဦးသေဆုံးကာ နေအိမ်ငါးရာခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားလေးဦး သေဆုံးခဲ့တာပါ။
စစ်ကောင်စီတပ်သားတွေက ရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သက်ကြီးပိုင်းတွေပေါ့ဗျာ။ မသွားမလာနိုင်တဲ့လူတွေ၊ အိမ်မှာကျန်ခဲ့လူတွေ မီးထဲပါသွားတာ။ အိမ်ထဲမှာကိုပဲ မီးလောင်ပြီးသေတာက များတယ်ဗျ။ အဲဒီခြောက်လောင်းကို ကျွန်တော်တို့တွေ့လို့ သင်္ဂြိုဟ်ပေးခဲ့တယ်"
သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဇူလိုင်လ ၁၀ ရက် မနက် ၃ နာရီ၁၅ မိနစ်အချိန်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲဖြစ်ပြီး မနက် ၄ နာရီကျော်မှာ ရွာကိုမီးရှို့ခဲ့တာလို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ မြင်းခြံအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၁၅၊ ရဲတပ်ဖွဲဝင်တွေနဲ့ ဒေသအခေါ် ပျူစောထီးတွေ ပူးပေါင်းပြီး ရွာကိုမီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
လက်ရှိအချိန်အထိ ဒေသခံတွေ ရွာကို မပြန်နိုင်သေးဘဲ ဆက်လက်တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်အစပ်က လက်ဝဲမြင်းနီရွာမှာ အိမ်ခြေနှစ်ထောင်နီးပါးရှိပြီး လူဦးရေ ခုနစ်ထောင်ဝန်းကျင် နေထိုင်ပါတယ်။