နတ်မြစ်အတွင်း စက်လှေမြုပ်လို့ ရိုဟင်ဂျာ ၁၀ ဦး သေဆုံး

RFA Burmese
2024.09.24
နတ်မြစ်အတွင်း စက်လှေမြုပ်လို့ ရိုဟင်ဂျာ ၁၀ ဦး သေဆုံး နတ်မြစ်အနီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

မောင်တောမြို့နယ်၊ မြောက်ပိုင်း သရက်အုပ်ကျေးရွာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ လူ ၁၈ ဦးပါ စက်လှေတစ်စီး နတ်မြစ်ထဲမှာ စက်တင်ဘာ ၂၃ ရက်နေ့ညက နစ်မြုပ်ခဲ့တာကြောင့် ၁၀ ဦး ရေနစ် သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေက ပြောပါတယ်။

စက်လှေပေါ်မှာပါလာသူတွေထဲက ရှစ်ဦးကို ကယ်လိုက်နိုင်ပေမဲ့ ဆယ်ဦးက ပျောက်ဆုံးတာနဲ့ သေဆုံးတာတွေ ဖြစ်ခဲ့ကြောင်း ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“တနင်္လာနေ့ည ၁၁ နာရီလောက်မှာ လူ ၁၈ ဦးပါတဲ့ စက်လှေတစ်စီး သရက်အုပ်ကျေးရွာကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်လာကြတာ။ နတ်မြစ်အလယ်မှာ စက်လှေနစ်မြုပ်ခဲ့တာပါ။ ၁၀ ဦး ရေနစ်မြုပ်ပြီး သေဆုံး၊ ပျောက်ဆုံးနေပါတယ်။ ကျန် ရှစ်ဦးကိုတော့ စက်လှေသမားတွေက ကယ်ဆယ်နိုင်ခဲ့တယ်”

အသက်ရှင်ကျန်ခဲ့သူ ရှစ်ဦးက လက်ရှိ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းအမှတ် ၂၆ ကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။ စက်လှေမှာပါလာသူတွေထဲ အမျိုးသမီး၊ အမျိုးသား ဦးရေ ဘယ်လောက်ပါဝင်လဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တားဆီးထားတာရှိပေမဲ့ မောင်တောမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နေ့စဉ်နေ့တိုင်း လမ်းကြောင်းမျိုးစုံကနေ ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိလာတာတွေ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာနှစ်သောင်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံထွက်ပြေးလာကြပြီး သူတို့ဟာ ကုလသမဂ္ဂက ဖွင့်ပေးထားတဲ့ ဒုက္ခသည်စခန်းတွေမှာ မနေကြဘဲ မြန်မာနယ်စပ်အနီး တက္ကနပ်ဖ်ခရိုင်မှာ အိမ်ငှားနေထိုင်ကြတယ်လို့ RFA ရဲ့ ညီနောင် သတင်းဌာန Benar News က စက်တင်ဘာလ ဒုတိယအပတ်မှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။