နတ္တလင်းမြို့နယ်က လယ်ယာမြေတွေပြန်ပေးဖို့ လယ်သမားတွေ ဆန္ဒပြ
2014.11.17

ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် ဒါးမာငယ်ကျေးရွာ မှာ လယ်ယာမြေဧက ၅၀၀ လောက်ကို ပြန်ပေးဖို့ အတွက် ဒေသခံလယ်သမား ၂၀၀လောက် ဒီကနေ့ နတ္တလင်းမြို့ မြေစာရင်းဦးစီးဌာနရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက တစ်ထောင်ခန့် ကို စစ်တပ်ကပြန်ပေးခဲ့ပေမဲ့ ဒါးမာငယ်ကျေးရွာက လယ်မြေဧက ၅၀၀ခန့်ကို မြေစာရင်းဦးစီးဌာန က ပြန်မပေးသေးတာကြောင့် အခုလို ဆန္ဒပြတောင်း ဆိုတာဖြစ်တယ်လို့ နတ္တလင်းမြို့နယ် လယ်သမား အရေးဆောင်ရွက်သူ ကိုတင်မောင်လင်း က ပြောပါတယ်။
"သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၁ဝဝဝ ရှိပါတယ်၊ အဲဒီ့ထဲက ၅၅ဝ ကို ပြန်ပေးပြီးပါပြီ၊ နှစ်တော်တော်ကြာ သိမ်းဆည်းထားတယ်ပေါ့၊ လယ်ယာမြေတွေက ဆုံးရှုံးသွားတော့ ကျပန်းပဲလုပ်စားရတာပေါ့၊ ကျနော်တို့ နိုင်ငံတော်အကြီးအကဲတွေအထိ အဆင့်ဆင့်တိုင်ကြားတယ်၊ အကြောင်းကြားတယ်၊ ဘာမှထူးခြားမလာလို့ အခုလိုဆန္ဒပြရခြင်းဖြစ်တယ်"
ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်က ဒါးမာငယ်ကျေးရွာက လယ်သမား ၁၃၀ ကျော် လုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၁၀၀၀ ခန့်ကို တပ်မတော် ခမရ ၄ တပ်ရင်းက သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။