နောင်ချိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦးဒဏ်ရာရ
2024.11.14

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ TNLA အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့ညနေမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ တရားရုံးနဲ့ ရဲစခန်းအနောက်ကို ပေါင် ၃ဝဝ ဗုံးနှစ်လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တရားရုံးအပါအဝင် နေအိမ်သုံးလုံးနဲ့ အိမ်စီးကားတွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း နောင်ချိုမြို့မစျေးရပ်ကွက်က လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့နိုဝင်ဘာလ ၆ ရက်နေ့ စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား အယောက် ၅၄ဝ သေဆုံးခဲ့ပါတယ်။