စစ်ရေးတင်းမာနေတဲ့ နောင်ချိုမှာ ဒေသခံတွေ ထပ်မံထွက်ပြေးနေရ
2023.04.07

စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား နှစ်ရက်တာ တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဟိုခိုကျေးရွာနဲ့ သံဘိုကျေးရွာ တစ်ဝိုက်မှာ ဧပြီလ ၇ ရက် ဒီနေ့ မနက်ပိုင်းအထိ စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး ဒေသခံတွေလည်း ထပ်မံထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ဟိုခိုရွာအနီးက ကုန်းကြီး၊ ကြူအင်း၊ ဟိုခဲ၊ ရေဦး၊ လုပ်သပြေ စတဲ့ ကျေးရွာတွေက ရွာသားတွေ အုမ္မသီးကျေးရွာဘုန်းကြီးကျောင်းကို ထပ်မံတိမ်းရှောင်လာကြ တယ်လို့ အုမ္မသီး ကျေးရွာက ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက်အထိ အုမ္မသီးကျေးရွာ ဘုန်းကြီးကျောင်းမှာ ထွက်ပြေးရောက်ရှိနေသူ ၂၀၀ ဝန်းကျင်ရှိနေပြီး ထပ်မံထွက်ပြေးလာနေသူတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။
ကြူအင်းကျေးရွာက ထွက်ပြေးလာသူ အမျိုးသမီးတစ်ဦးကတော့ သူတို့ရွာကနေ လက်နက်ပစ်ခတ်သံတွေ ကြားရလို့ ကြောက်ရွံ့ပြီးထွက်ပြေးခဲ့တာလို့ ပြောပါတယ်။
“အသံတွေ ကြားတော့ ကြောက်တယ်လေနော်။ ဖြစ်တာက ကျမတို့ရွာမှာ မဟုတ်ဘူး။ ကျမတို့ ရွာနဲ့ဆို ငါးမိုင်လောက်တော့ဝေးတယ်။ ဒါပေမဲ့ အားလုံးက ပြေးကြတော့ ကြောက်လို့ ပြေးရတာပေါ့။ ရွာမှာဆို ရွာစောင့် နည်းနည်းပဲကျန်ခဲ့တယ်”
ထွက်ပြေးလာသူတွေ ထပ်များလာရင် အိမ်သာနဲ့ သောက်သုံးရေ အခက်အခဲရှိနိုင်တယ်လို့ ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ အုမ္မသီးကျေးရွာ ဆရာတော်က မိန့်ပါတယ်။
ဒီနေ့ မနက်ပိုင်းအထိ ဟိုခို၊ ဟိုခဲ၊ ကုန်းကြီး၊ သံဘို၊ ရေဦး၊ လုပ်သပြေ စတဲ့ကျေးရွာတွေက ဒေသခံ နှစ်ထောင်ဝန်းကျင်ဟာ နီးစပ်ရာကျေးရွာ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ ဆွေမျိုးတွေရှိတဲ့ နောင်ချို ပြင်ဦးလွင်မြို့ ပေါ်ကို ထွက်ပြေးနေကြရတယ်လို့ ဒုက္ခသည် အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
နောင်ချိုမြို့နယ် ဟိုခိုနဲ့ သံဘိုကျေးရွာမှာ ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေက စစ်ကောင်စီနဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး သံဘိုရွာက အမျိုးသမီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက သုံးဆယ်ရွာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်အချို့ လက်နက်ထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဘက်ကပါ ဒီနေ့အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
နောင်ချိုမြို့နယ်အတွင်းက ဒိုးပင်၊ ကုလားကွဲ၊ လုံခံ စတဲ့ ကျေးရွာတွေအနီးမှာ စစ်ကောင်စီနဲ့ မန္တလေးတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်လေ့ရှိပြီး ဒေသခံတွေ လည်း မကြာခဏဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးရလေ့ရှိပါတယ်။